နေပြည်တော်၊ ဇူလိုင်(၁၅) ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဦး၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးမြဟန်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြပါသည်။
အစီအစဉ်အရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် အဖွင့် အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သော၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒို ပြိုင်ပွဲသည် ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးတက်စေရေးနှင့် ပြည်ထောင်စု စိတ်ဓာတ် မြင့်မားလာစေရေးနှင့် အပြည်ပြည်ဆိုင်ရာ တိုက်ကွမ်ဒိုပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာနိုင်စေရန်ဖြစ်ပါကြောင်း၊ တိုက်ကွမ်ဒို အားကစားနည်းသည် ကိုယ်ခံပညာအားကစားတစ်ရပ်ဖြစ်သည်နှင့်အညီ စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု၊ လူ့ကျင့်ဝတ်သိက္ခာများတိုးတက်မှုကိုလည်း အထောက်အကူဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်၏ စည်းရုံးလုပ်ဆောင်မှုများကြောင့်ပင် နိုင်ငံဂုဏ်ဆောင်နိုင်သည့် ထူးချွန်ထက်မြက်သည့် တိုက်ကွမ်ဒို အားကစားသမားများ ပေါ်ထွက်လာသည်ကို တွေ့မြင်နိုင် ပါကြောင်း ဒိုင်လူကြီးများအနေဖြင့်လည်း ပြိုင်ပွဲတွင် “အကောင်းဆုံး လူအနိုင် ရပါစေ” ဆိုတဲ့ဆောင်ပုဒ်အတိုင်း ဘက်လိုက်မှု ကင်းရှင်းပြီး တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက် ကြစေလိုပါကြောင်း၊ နိုင်ငံတော်မှ မြန့်မာ့အားကစားကို အားပေးချီးမြှောက်သော ယခုလိုကာလမျိုးတွင် အားကစားသမားများ အနေဖြင့်၊ အားကစားစိတ်ဓာတ် အပြည့်အဝနှင့် သန့်ရှင်းစွာယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ နိုင်ငံတော်က အားထားရမယ့် နိုင်ငံ့လက်ရွေးစင် အားကစားသမားကောင်းများ ဖြစ်လာ အောင်ကြိုးစားကြရန် တိုက်တွန်းမှာကြားပြီး ၂ဝ၁၉ ခုနှစ်၊တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအားလိုက်လံနှုတ်ဆက်ခဲ့ကြပြီး အမျိုးသား/အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြပါသည်။
အဆိုပါ ၂ဝ၁၉ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲဝင်အသင်း(၁၅)သင်း၊ အမျိုးသားပြိုင်ပွဲဝင်အသင်း (၁၅)သင်း၊ အမျိုးသမီးပြိုင်ပွဲဝင်အသင်း (၁၄)သင်း၊ အမျိုးသားပြိုင်ပွဲဝင်အားကစားသမားဦးရေ(၁၅ဝ)ဦး၊ အမျိုးသမီးပြိုင်ပွဲဝင် အားကစားသမားဦးရေ(၉၁)ဦး၊ အားကစားသမားစုစုပေါင်း (၂၄၁)ဦးတို့သည် (၁၅.၇.၂ဝ၁၉)ရက်နေ့မှ (၁၇.၇.၂ဝ၁၉) ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် နံနက် (၉:ဝဝ)နာရီမှစ၍ ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပါသဖြင့် တိုက်ကွမ်ဒို အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု နိုင်ပါကြောင်း သတင်းရရှိပါသည်။