ရန်ကုန် ၂၇ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီးအဆင့် ၂၀၁၉ လူငယ်ဘောလုံးပွဲတော်နှင့် အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီခွဲက ရန်ကုန်မြို့ လှိုင်မြို့နယ် YUFC Stadium ကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး MPT.Ksgm Joint Operations မှ Depuly Chief Operating of Ficer ဦးမြင့်သိန်း၊ မြန်မာဘရူဝါရီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ Ms.Kazufumi Nakagima တို့က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဧည့်သည်တော်များက ကွင်းအတွင်း ဘောလုံးများကန်သွင်း၍ ဖွင့်လှစ်ပေးကြပြီး လူငယ်ဘောလုံးပွဲတော်တွင် ပါဝင်ကြမည့် ကလေးငယ်များနှင့် ယူ ၁၄ ဘောလုံးပြိုင်ပွဲဝင်မည့် အသင်းများအား လိုက်လံနှုတ်ဆက်ကြကာ ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ မြို့နယ်များနှင့် အခြေခံပညာကျောင်းများတွင် အသုံးပြုရန် ဘောလုံးများအား တိုင်းပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေထံ MPT နှင့် Myanmar Care တို့မှ တာဝန်ရှိသူများက ဘောလုံးများ လှူဒါန်းကြသည်။
အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့က အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့နှင့် ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ပထမနေ့ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြသည်။ ပြိုင်ပွဲတွင် အသင်း ၁၂ သင်း ပါဝင်ကာ ပြိုင်ပွဲကို သြဂုတ် ၅ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- အာကာလင်း