skip to content
 
ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့
 
မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ ဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် သြဂုတ်လ (၁၁) ရက်နေ့၊ နေ့လယ်ပိုင်းတွင် တာမွေမြို့နယ် ကျိုက္ကဆံ ကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပျပြုလုပ်ခဲ့သော မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ပြန်လည်ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကားပြောကြားရာတွင် -
အားကစားလောက ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ၊ လမ်းညွှန်မှုများ ချမှတ် သွားနိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီကို နိုင်ငံတော်သမ္မတရုံးမှ  (၂၀၁၉)ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင် အမိန့်ကြော်ငြာစာဖြင့် အသစ်ပြန်လည် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊
အားကစားလောကကြီးတစ်ခုလုံးဘက်စုံ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်များ ရယူဆောင်ရွက်သွားနိုင်ရေး 
မြန်မာနိုင်ငံအိုလံပစ်ကော်မတီကိုလည်း ပြန်လည်ဖွဲ့စည်းသွားရန် နှင့် ထိုသို့ ပြန်လည်ဖွဲ့စည်းရာတွင် ကော်မတီဝင်များအား ဒီမိုကရေစီ နည်းလမ်းများနှင့် အညီ ပွင့်လင်းမြင်သာစွာရွေးချယ်နိုင်ရန်အတွက် အားကစားနည်း အမျိုးမျိုးမှ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ၏ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ တာဝန်ရှိသူများနှင့် မေလ (၆)ရက်နေ့၌ တွေ့ဆုံ၍  အစည်းအဝေး တစ်ရပ်ကျင်းပ ပြုလုပ်ခဲ့ပါကြောင်း၊
ထိုသို့ ရွေးချယ်ရာ၌ မြန်မာ့အားကစားလောကကြီးတိုးတက်ရေးနှင့် နိုင်ငံ၏ ပုံရိပ်မြင့်မားရေး စွမ်းဆောင်နိုင်သူများကို ကော်မတီဝင်များအဖြစ် ရွေးချယ်သွားကြရန်ဖြစ်ပါကြောင်း၊
အားကစားကို ချစ်မြတ်နိုးစိတ်၊ စိတ်ပါဝင်စားမှုတို့ဖြင့် အားကစားနည်းအလိုက် ပိုမိုဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိသော အားကစားအဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိသူများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍လည်း ဝိုင်းဝန်းဆောင်ရွက်ပေးစေ လိုပါကြောင်း၊
ကော်မတီကို ပြန်လည်ဖွဲ့စည်းပြီးနောက် ကော်မတီလုပ်ငန်းများကို လွတ်လပ်စွာလုပ်ဆောင်ရန် ဖြစ်ပြီး ဝန်ကြီးဌာနမှ ပံ့ပိုးမှုလုပ်ငန်းများကိုသာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို နိုင်ငံတကာအိုလံပစ်ကော်မတီ၏ သတ်မှတ်ထား သော စည်းမျဉ်းစည်းကမ်းများအတိုင်းဖွဲ့စည်းနိုင်ရေးအတွက် ဒုတိယဝန်ကြီးဦးဆောင်သော အဖွဲ့သည် နိုင်ငံတကာအိုလံပစ်ကော်မတီရုံးချုပ်သို့ သွားရောက်လေ့လာခဲ့ပါကြောင်း၊
ထိုသို့သွားရောက်ခဲ့ရာတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီပြန်လည် ဖွဲ့စည်းရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ အမျိုးသားအဆင့်အားကစား ဥပဒေရေးဆွဲရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး နိုင်ငံတကာအိုလံပစ် ကော်မတီမှ အဖွဲ့ဝင် နိုင်ငံအသီးသီးသို့ စီမံချက်လုပ်ငန်းအလိုက် Olympic Solidarity Program မှတစ်ဆင့် ထောက်ပံ့ပေးအပ်လျှက်ရှိသော အကူအညီများနှင့် ပတ်သက်၍လည်း သိရှိဆွေးနွေးနိုင်ခဲ့ပါကြောင်း၊
အားကစားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ အားကစားနှင့် ပညာရေးပေါင်းစပ်ရေး၊ လက်ရွေးစင် အားကစားသမားများ ဘဝတက်လမ်းနှင့် ဘဝအာမခံချက်ကောင်းမွန်စေရေး၊ ပြည်သူ တစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ကာ နိုင်ငံဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုနိုင်ရေး တို့အတွက် ခိုင်မာတိကျသော အမျိုးသားအဆင့် အားကစားဥပဒေ (National Sports Law) တစ်ရပ်ပေါ်ထွန်းလာရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊
ဝန်ကြီးဌာနအနေဖြင့် အားကစားလေ့ကျင့်မှုများကို သိပ္ပံနည်းကျနည်းစနစ်များဖြင့် လေ့ကျင့်နိုင်ရေးအတွက် အားကစားသိပ္ပံဘွဲ့ (B.Sc (Sports)) သင်တန်းများဖြင့် ပညာရှင်များမွေးထုတ်ပေးလျက် ရှိပြီဖြစ်ပြီး အားကစားဆိုင်ရာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့များ သင်ကြားပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
 
 
Healthy Myanmar Seminar (Exercise is Medicine)၊ National Sports Seminar နှင့် Physical Education Seminar တို့မှ ဆွေးနွေးအကြံပြုချက်များနှင့် လုပ်ဆောင်ရန် အချက်များကို အမျိုးအစားအလိုက် ဆန်းစစ်သုံးသပ်၍ ဦးစားပေးအဆင့်အလိုက် သတ်မှတ်ကာ အကောင်အထည် ဖော်ဆောင်ရွက်ရာ၌ ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းပါဝင်ဆောင်ရွက် ကြရန်ဖြစ်ပါကြောင်း၊
အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (၆) ခု နှင့် အားကစားကဏ္ဍကြီးတစ်လုံး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်စေရေးကိစ္စရပ်များကိုလည်း မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် အလေးထား၍ ဝိုင်းဝန်း အကြံပြုဆောင်ရွက်စေလိုပါ ကြောင်း၊
ကော်မတီဖွဲ့စည်းပြီးနောက် ကော်မတီမှ ပွင့်လင်းစွာဖြင့် အကြံပြုချက်များကို ဝန်ကြီးဌာနမှ အလေးအနက်ထား၍ ထည့်သွင်းစဉ်းစားကာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
ကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ချိတ်ဆက်၍လည်း လုပ်ငန်းများဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
 
 
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ အတွင်းရေးမှူး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က (၂၀၁၉) ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့မှ (၂၅)ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ လော်ဇန်းမြို့ရှိ အပြည်ပြည်ဆိုင်ရာအိုလံပစ် ကော်မတီရုံးချုပ်သို့ သွားရောက်၍ မြန်မာနိုင်ငံအိုလံပစ် ကော်မတီ ပြန်လည်ဖွဲ့စည်းရေး၊ မြန်မာနိုင်ငံ အမျိုးသားအဆင့်အားကစားဥပဒေပြဌာန်း ရေးဆွဲရေးဆိုင်ရာနှင့်ပတ်သက်၍ ဆွေးနွေး ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဖွဲ့စည်းမည့်ကိစ္စရပ်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် က မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သည့် ကိစ္စများနှင့် လက်ရှိဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝးသို့တက်ရောက်လာကြသည့် အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိ ကိုယ်စားလှယ်များက မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ပြန်လည်ဖွဲ့စည်းနိုင်ရေးတို့အတွက် အဖွဲ့ချုပ်တစ်ခုချင်းစီအလိုက် တင်ပြအကြံပြု ဆွေးနွေးခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က အသေးစိတ်ပြန်လည်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်းသတင်းရရှိသည်။

back to top Eng