ဘားအံ၊ အောက်တိုဘာ ၁၈
အမျိုးသမီးအားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရန်နှင့် အမျိုးသမီးများအားကစားလှုပ်ရှားမှုဖြင့် ရင်းနှီးချစ်ကြည်မှုရရှိပြီး နိုင်ငံတော်မှအားထားရသည့် အမျိုးသမီးစွမ်းဆောင်ရှင်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၁၉ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသမီးကိုယ်ကာယကြံခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ အငယ်တန်း(၃)သင်း၊ အကြီးတန်း(၅)သင်း၊ ဘားအံမြို့ပေါ်ကျောင်းများမှ အငယ်တန်း(၁၅)သင်း၊ အကြီးတန်း(၁၆)သင်း၊ Myanmar Fitness Dance အသင်း(၁၁)သင်း ဝင်ရောက်ယှဉ် ပြိုင်လျက်ရှိပြီး တစ်ဦးချင်းပြိုင်ပွဲ၊ သုံးယောက်တွဲပြိုင်ပွဲ၊ ကိုးယောက်တွဲပြိုင်ပွဲနှင့် Myanmar Fitness Dance ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစားများခွဲ၍ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းက အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်တို့က ကျောင်းပြိုင်ပွဲဝင်အသင်းများအတွက် အသင်းငယ်တစ်သင်းလျှင်(၂)သိန်း၊ မြို့နယ်များမှ အသင်းငယ်တစ်သင်းလျှင်(၄)သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၁၀၅)သိန်းကိုထောက်ပံ့ပေးအပ်ခဲ့သည်။
ပြိုင်ပွဲတွင် ထူးချွန်ထက်သည့်အားကစားသမားများကို ကရင်ပြည်နယ် ကိုယ်စားပြု ပြည်နယ် လက်ရွေးစင်အားကစားသမားများအဖြစ် ရွေးချယ် ၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့မှ (၅)ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သတင်းရရှိသည်။