skip to content

နေပြည်တော်၊အောက်တိုဘာ (၂၂)ရက်။        

၂၀၁၉ခုနှစ်၊ နေပြည်တော် ဆောင်းရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီအချိန်တွင် အားကစား နှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဦးနှင့် တာ၀န်ရှိသူများ၊ ပညာရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ တာ၀န်ရှိသူများ၊ နေပြည်တော်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးနှင့် တာ၀န်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ     ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ အမှာစကားပြောကြားရာတွင် ယနေ့ခေတ်တွင် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များသည် ကွန်ပျူတာ၊ ဖုန်း၊ ဗွိဒီယိုဂိမ်းများဖြင့် အချိန်ကုန်နေကြသောကြောင့် ကိုယ်လက်လှုပ်ရှားမှုများ နည်းပါးလာကြကြောင်း၊ ထို့ကြောင့် "Exercise is Medicine"  "ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး" ဆိုသည့်အတိုင်း နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ကြရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဆောင်းရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရန် ယခုအစည်းအဝေးကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ နောင်တွင် တက္ကသိုလ်များပါ ပါ၀င်လာနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက်   အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ၂၀၁၉ခုနှစ် ဆောင်းရာသီ အခြေခံအားကစားသင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ပညာရေး၀န်ကြီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပူးပေါင်းပြီး နေပြည်တော်တွင် ၂၀၀၇ခုနှစ်မှ ၂၀၁၉ခုနှစ်အထိ နှစ်စဉ်နွေ ရာသီသင်တန်းများကို နွေရာသီကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း၊ နေပြည်တော်တွင် ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများသည် အခြေခံပညာ  (မူလတန်း၊အလယ်တန်းနှင့် အထက်တန်း) (တက္ကသိုလ်၀င်တန်းမပါ) စာမေးပွဲများဖြေပြီးသည့်အချိန်တွင် ဖွင့်လှစ်သင်းကြားခြင်းဖြစ်သည့်အတွက် အားကစားကိုဝါသနာပါ၍ လေ့လာလိုက်စားလိုသည့် တက္ကသိုလ်၀င်တန်း ကျောင်းသား/ ကျောင်းသူများအနေဖြင့် သင်တန်းတက်ရောက်နိုင်ရန် ယခုလို ဆောင်းရာသီ အားကစားသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ဆောင်းရာသီအခြေခံအားကစားသင်တန်းများကို ၂၀၁၉ခုနှစ်မှစ၍ နှစ်စဉ် နို၀င်ဘာလနှင့် ဒီဇင်ဘာလအတွင်း နှစ်စဉ်ဖွင့်လှစ်သွားနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါ ကြောင်း၊ ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရေး အားကစားကို ဝါသနာပါပြီး စနစ်တကျလေ့လာလိုက်စားလိုစိတ်များ ပြန့်ပွားလာစေပြီး ကျန်းမာကြံ့ခိုင်သော လူငယ်များ ဖြစ်ပေါ်လာစေရေး မိမိဝါသနာပါရာ အားကစားကို လေ့လာလိုက်စားခြင်းမှ အဆင့်ဆင့် ကျွမ်းကျင် တတ်မြောက်ပြီး နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေးဆိုသည့် ရည်ရွယ်ချက်များ ပါ၀င်ပါကြောင်း၊ သင်တန်းဖွင့်လှစ်ရမည့် နေ့ရက်၊ သင်တန်းဖွင့်လှစ်မည့်နေရာ၊ အချိန်နှင့် အားကစားနည်းများအား အခြေခံပညာဦးစီးဌာနမှ ပြန်ကြားလာသည့်အတိုင်း ဖွင့်လှစ် ပေးသွားမည်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများဖြစ်သည့်အတွက် မျိုးဆက်သစ်လူငယ်များစုဝေးသော နေရာဖြစ်သောကြောင့် ကျောင်းများကိုအခြေခံ၍ အားကစားသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများ၏စိတ်၀င်စားမှုအပေါ် အခြေခံ၍ သင်တန်းသား အင်အားနှင့် အားကစားနည်းအမျိုးအစား တိုးချဲ့ဖွင့်လှစ်နိုင်ရေး နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ အခြေခံအားကစား သင်တန်းများ စဉ်ဆက်မပြတ် တိုးချဲ့ဖွင့်လှစ်နိုင်ရေးများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုပါ ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေတွင် ကျောင်းသား အင်အား(၃)သိန်းကျော်ရှိသည့်အတွက် သင်တန်းသား/သင်တန်းသူအင်အား အတတ်နိုင်ဆုံး ပြည့်ပြည့်၀၀ တက်ရောက်စေရေးအတွက် ဆရာ/ ဆရာမများအနေဖြင့် စည်းရုံးဆောင်ရွက်ပေးရန်လိုပါကြောင်း၊ အခြေခံပညာကျောင်းများမှ အားကစားကို ဝါသနာပါပြီး အခြေခံတတ်ကျွမ်းသော ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ မုံရွာ၊ လွိုင်ကော်) ကျောင်းများတွင် ကျောင်းအိပ်/ကျောင်းစား၊ စားစရိတ်ငြိမ်း စီစဉ်ဆောင်ရွက်ထားလျက်ရှိပါကြောင်း၊ မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ၂၀၁၉ခုနှစ် ဆောင်းရာသီ အခြေခံအားကစားသင်တန်းများကို ယခုနှစ်မှစ၍ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ပညာရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ တာ၀န်ရှိသူမှ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေး၀န်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသွားခဲ့ပါသည်။

 

ထို့နောက် ၂၀၁၉ခုနှစ်၊ ဆောင်းရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ ဖြည့်စွက် ဆွေးနွေးပြောကြားရာတွင် အားကစားနှင့်ပညာရေးပူးပေါင်း၍ နှစ်စဉ်နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ယခု ဆောင်းရာသီအားကစားသင်တန်းသည် ယခုနှစ်မှစတင်၍ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရီးစရိတ်များ၊ တီရှပ်များ၊ ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်တန်းသားပြည့်ပြည့်၀၀ တက်ရောက်နိုင်ရေးကို ဆရာ/ဆရာမများမှ ကြီးကြပ် ကူညီပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

ယင်းနောက် နေပြည်တော် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးမှ နေပြည်တော်တွင် ကျောင်းပေါင်း (၄၁)ကျောင်းမှ သင်တန်းသား(၃၉၀၀)ကျော် ရှိမည်ဖြစ်ပါကြောင်း၊ ဖွင့်ပွဲရက်တွင် ဘင်ခရာ၊ ဆိုင်းဘုတ်ကိုင်များ၊ အလံကိုင်များကို အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများမှ အသီးသီးဆွေးနွေးတင်ပြခဲ့ပါသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ လူကြိုက်များသော  ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒိုအားကစားနည်းများအပြင် ပြေးခုန်ပစ်၊ ဝူရှူးစသည့် အားကစားနည်းများကိုလည်း ကျောင်းသား/ကျောင်းသူများအနေဖြင့် ကစားနိုင်စေရန် ဝိုင်း၀န်းကူညီပေးကြစေလိုကြောင်း၊ ကျောင်းသား/ ကျောင်းသူများ အားကစားကို စိတ်ပါ၀င်စား ကစားလာနိုင်စေရန် ဆရာ/ ဆရာမများမှ ဝိုင်း၀န်းအကူအညီပေးကြစေလိုကြောင်း၊ ယခုလိုတက်ကြွစွာ လာရောက်ဆွေးနွေး တင်ပြသည့်အတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

 


back to top Eng