ရန်ကုန်၊ အောက်တိုဘာလ(၂၃)ရက်။
၂၀၁၉ခုနှစ်၊ (၁၀)ကြိမ်မြောက် ဂျပန်ဖလားတံခွန်စိုက် ကရာတေးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်၀င်းရှိ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံအမတ်ကြီး H.E. Mr. Ichiro Maruyama နှင့် သံရုံးမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ၀င်းဇော်နှင့် အမှုဆောင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ဖိတ်ကြားထားသော ဧည်သည်တော်များ၊ ဒိုင်၊ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ ၊ အ.ထ.က(၃)မင်္ဂလာတောင်ညွန့်နှင့် အ.ထ.က(၄)မင်္ဂလာတောင်ညွန့် မှ ကျောင်းသူ/ကျောင်းသားများ တက်ရောက် ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံအမတ်ကြီး H.E. Mr. Ichiro Maruyama က ဖွင့်လှစ်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ၀င်းဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ပြိုင်ပွဲ၀င်အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုပြီး ဂျပန်သံရုံးမှ သံအမတ်ကြီးH.E. Mr. Ichiro Maruyama ၊ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ၀င်းဇော်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ပြိုင်ပွဲ၀င်အသင်းများအား လိုက်လံ နှုတ်ဆက်၍ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်ရှိ အားကစားသမားများက အခြေခံကရာတေး နည်းစနစ်များနှင့် Seif Defense များကိုသရုပ်ပြသခဲ့သည်။အဆိုပါပြိုင်ပွဲသို့ ပြိုင်ပွဲအမျိုးအစား ''ခတ'' ၊ ''ကုမိတဲ့'' အသက်(၁၀)နှစ်အောက် ၊ အသက်(၁၂) နှစ်အောက်၊ အသက်(၁၄)နှစ်အောက်နှင့် Cadet ၊ Junior ၊ Senior အတန်းများ၊ ပြိုင်ပွဲ၀င် အသင်းပေါင်း(၃၂)သင်း၊ အမျိုးသား အားကစားသမား (၁၉၅)ဦး၊ အမျိုးသမီးအားကစား သမား(၁၁၄)ဦး၊ စုစုပေါင်း(၃၀၉)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။