skip to content
နေပြည်တော်၊နို၀င်ဘာ(၁၂)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19(အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ကို ယနေ့ညနေ(၃)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့်တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှု့အားပေးကာ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။ 
 
 
 
ယနေ့ယှဉ်ပြိုင်ကစားသော တတိယလုပွဲ ပွဲစဉ်အဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့်မွန်ပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းမှ (၁)ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ဧရာ၀တီတိုင်းဒေသကြီးအသင်းတို့  ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းမှ (၇)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
 
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အကောင်းဆုံးဂိုးသမားဆုရရှိသော ကျောနံပါတ်(၁) ပန်းအိဖြူ(မွန်ပြည်နယ်)အား ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှလည်းကောင်း၊ အကောင်းဆုံးနောက်တန်းအားကစားသမားဆုရရှိသော ကျောနံပါတ်(၈) နှင်းထက်ထက်ဝေ(ကရင်ပြည်နယ်)အား အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးမှလည်းကောင်း၊ အကောင်းဆုံးအလယ်တန်းအားကစား သမားဆုရရှိသော ကျောနံပါတ်(၆) ခင်ဖုံး(ဧရာ၀တီတိုင်းဒေသကြီးအသင်း)အား ဧရာ၀တီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွန့်မှလည်းကောင်း၊  အကောင်းဆုံး ရှေ့တန်းအားကစားသမားဆုရရှိသော ကျောနံပါတ်(၁၀) ယုယနိုင်(ရှမ်းပြည်နယ်)အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းသန့်မှလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသော ကျောနံပါတ်(၂) ကြယ်စင်(ရှမ်းပြည်နယ်)အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးမှလည်းကောင်း၊
 
 
 
ဆက်လက်၍ တတိယဆုရရှိသွားသော ကရင်ပြည်နယ်အသင်းအား ငွေသားဆုနှင့်တစ်ဦးချင်း ဆုတံဆိပ်များကို ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန လက်ထောက်အတွင်း၀န် ဦးသီဟဇော်မှလည်းကောင်း၊ ဒုတိယဆုရရှိသွားသော ဧရာ၀တီတိုင်းဒေသကြီးအသင်းအား ငွေသားဆုနှင့်တစ်ဦးချင်း ဆုတံဆိပ်များကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှလည်းကောင်း၊ ပထမဆုရရှိသွားသော ရှမ်းပြည်နယ်အသင်းအား ငွေသားဆုနှင့်တစ်ဦးချင်း ဆုတံဆိပ်များအပြင် ပထမဆုဖလားကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

back to top Eng