လွိုင်ကော်၊ နိုဝင်ဘာ(၁၀)ရက်။
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူပြုစေရန် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့ပြနှင့်ကျေးရွာများပြိုင်တူဖွံ့ဖြိုးတိုးတက်စေရန် ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက်သာမက မြို့များ၊ ကျေးရွာအုပ်စုများ၊ ကျေးရွာများပါမကျန်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် အုပ်ချုပ်မှုအဖွဲ့အစည်းများ၏ စည်းရုံးလှုပ်ရှားမှု၊ ပြည်သူလူထုများကျောင်းသားကျောင်းသူများ၏ စိတ်ပါဝင်စားစွာတစ်ခဲနက်ပါဝင်လှုပ်ရှားမှုတို့ဖြင့် လူထုလမ်းလျှောက်ပွဲများ၊အားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပလျက်ရှိရာ ယနေ့နံနက် (၅:၄၅)နာရီချိန်တွင် ကယားပြည်နယ်၊လွိုင်ကော်မြို့နယ်၊လွိုင်လင်လေးမြို့တွင် လူထုစုပေါင်းလမ်းလျောက်ပွဲကျင်းပပြုလုပ်လျက်ရှိပါသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် စုရုံးခဲ့ကြပြီး လွိုင်လင်လေးမြို့နယ်အုပ်ချုပ်ရေးမှူးမှ သေနတ်ပစ်ဖောက်ကာစတင်လမ်းလျှောက်ခဲ့ကြရာ အုပ်ချုပ်ရေးမှူးရုံးရှေ့ လွိုင်ကော်-ဆီဆိုင်လမ်းမကြီးအတိုင်း၊ ထိုမှသဆင့်မီးသတ်ရုံးရှေ့မှ မြို့တွင်းကိုဖြတ်၍ ထီးစဲခါးဘုန်းကြီးကျောင်းအနီး ၊ထိုမှတဆင့် လာလမ်းအတိုင်းပြန်လည်လမ်းလျှောက်၍ လွိုင်လင်လေးအခြေခံပညာအထက်တန်းကျောင်းသို့ (၆:၃၀)အချိန်တွင် ပန်းဝင်ခဲ့ကြပြီးကိုယ်ကာယလေ့ကျင့်ခန်း အတွဲအမှတ်(၁)၊(၂)နှင့် ဇွန်ဘာအားကစားလေ့ကျင့်ခန်းတို့ကို တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
လူထုစုပေါင်းလမ်းလျောက်ပွဲသို့ ပါဝင်ဆင်နွဲကြသူများအား မြို့နယ်အုပ်ချုပ်ရေးမှူးမှကောက်ညှင်းပေါင်း၊ အကြော်များ ဝေမျှခဲ့ကြပြီး လေ့ကျင့်ခန်းများပြုလုပ်ပြီးချိန်တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်သံဗုံးရိုက်ပြိုင်ပွဲကို ဆက်လက်ပြုလုပ်ပေးခဲ့သည်။
အဆိုပါ လူထုလမ်းလျှောက်ပွဲကို ပြည်နယ်ညွှန်ကြားရေးမှူးဦးမိုးကျော်လွင်မှဦးဆောင်၍ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လွိုင်လင်လေးမြို့အုပ်ချုပ်ရေးမှူးနှင် ဌာနဆိုင်ရာများ ပြည်သူများ၊ကျောင်းသားကျောင်းသူများ အင်အား(၅၀၀)ကျော်ပါဝင်ဆင်နွဲခဲ့ကြပါသည်။