နေပြည်တော်၊နို၀င်ဘာ(၂၀)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့ရိုးရာခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း(၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီအချိန်တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဌေး၀င်းနှင့် တာ၀န်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ ကြပါသည်။
အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ သင်တန်းဆင်း အမှာစကားပြောကြားရာတွင် သင်တန်းသား/သင်တန်းသူများ အနေဖြင့် မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို တိုင်းဒေသကြီးနှင့်ပြည်နယ် အနှံ့အပြားတွင် ဆင့်ပွားသင်တန်းများ ပြန်လည်သင်ကြားပေးခြင်းအားဖြင့် မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းကို တိုးတက်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်အနေဖြင့် အဖွဲ့ချုပ်ဖွဲ့စည်းပြီးနောက်ပိုင်း ယခုသင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခြင်းသည် ထင်သာမြင်သာရှိသော တိုးတက်မှုဖြစ်သည်ကို တွေ့မြင်နိုင်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချလိုက်သော စာတွေ့လက်တွေ့ သင်ခန်းစာများကို မိမိတတ်ကျွမ်းရုံသာမက မိမိတာ၀န်ကျရာ နေရာဒေသအသီးသီးရှိ ခြင်းလုံးအားကစားနည်းကို ဝါသနာပါသော၊ စိတ်ပါ၀င်စားသော လူငယ် လူရွယ်များနှင့် ကျောင်းသား/ကျောင်းသူများကို ဆင့်ပွား ပြန်လည်ပို့ချပေးစေလိုကြောင်း၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ ရည်မှန်းချက်၊ တာ၀န်ရှိသူများ၏စေတနာ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်း၏ မွန်မြတ်သောအနှစ်သာရများကို လူငယ်ထုအတွင်းရောက်ရှိအောင် ဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ရာ နည်းပြများဖြစ်သော ဦးမောင်မောင်ရွှေ၊ ဦးခင်မောင်လွင်၊ ဦး၀င်းမြင့်တို့မှ လက်ခံရယူကြပြီး မြန်မာနိုင်ငံရိုးရာအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဌေး၀င်းမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ရာ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသား ဦးသိန်းမိုးနှင့် ဦးအောင်ဇော်လင်းတို့မှ လက်ခံရယူခဲ့ကြပါသည်။ထို့နောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဌေး၀င်းမှ နှုတ်ဆက်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ မြန်မာ့ရိုးရာခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း(၁/၂၀၁၉) ကို (၁၃.၁၁.၂၀၁၉) ရက်နေ့မှ (၂၀.၁၁.၂၀၁၉)ရက်နေ့အထိ သင်တန်းသား/သင်တန်းသူဦးရေ (၃၇)ဦးကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။