skip to content

နေပြည်တော်၊နို၀င်ဘာ(၂၉)ရက်။    

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၁၉ခုနှစ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဆောင်းရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉) နာရီအချိန်တွင် နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ်များဖြစ်ကြသော ဒေါက်တာတင်မောင်၀င်း၊ ဦးရဲလင်းမြင့်၊ အားကစားနှင့်ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးများနှင့်တာ၀န်ရှိသူများ၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူ များ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊  သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်သူတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေး၊ လူငယ်လူရွယ်များ အားကစားကို စိတ်ပါ၀င်စားလာစေရေး အမျိုးသားအားကစားစိတ်ဓာတ် တိုးတက်မြှင့်မားလာစေရေးအတွက် ဆောင် ရွက်လျက်ရှိရာတွင် မျိုးဆက်သစ်လူငယ်အားကစားသမားများ အစဉ်တစိုက် ပေါ်ထွက်လာရေးသည် အဓိက ကျပါကြောင်း၊ အားကစားလှုပ်ရှားမှု အားနည်းသောနိုင်ငံများတွင် ပြောင်းလဲလာသော နေထိုင်စားသောက်မှု ဘ၀ပုံစံများကြောင့် ကမ္ဘာ့ကျန်းမာရေးစစ်တမ်းများတွင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါစသည့် ရောဂါများကြောင့် တစ်နှစ်လျှင် လူဦးရေ(၃)သန်းနီးပါး သေဆုံးလျက်ရှိနေပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံ အများအပြားတွင် Exercise is  medicine "ကျန်းမာခြင်း သည်ဆေးတစ်ပါးဆိုသည်" ဆောင်ပုဒ်ကို ကျင့်သုံးပြီး ကိုယ်လက်လှုပ်ရှားအားကစားကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း အားကစားလှုပ်ရှားမှုကို ပြုလုပ်ခြင်းအားဖြင့် လူအများ၏တစ်ကိုယ်ရည် ကျန်းမာရေးကို ငွေကုန်ကြေးကျ သက်သာစွာဖြင့် အထောက်အကူပြု ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များအတွင်း အားကစားလှုပ်ရှားမှု ဆောင်ရွက်ခြင်းအားဖြင့် နေ့စဉ် ပညာသင်ကြားရာတွင် ဉာဏ်ရည်များ ပိုမိုထက်မြက်လာနိုင်သည့်အပြင် လူနေမှုဘ၀အတွင်း ကျန်းမာရေး ပိုမိုကောင်းမွန်လာနိုင်စေမည်ဖြစ်ပါကြောင်း၊ အနာဂတ် မျိုးဆက်သစ်လူငယ်များအနေဖြင့် ဆောင်းရာသီအားကစားသင်တန်းနှင့် နွေရာသီအားကစားသင်တန်းများကို တက်ရောက်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်နိုင်စေပြီး ထူးချွန်ထက်မြက်သော လူငယ်အားကစားသမားများကို မွေးထုတ်ပေးနိုင်သည့်အပြင် နိုင်ငံတကာပြိုင်ပွဲများတွင် ပါ၀င်ယှဉ်ပြိုင်နိုင်သော (Excellent Sports) ဆိုသည့် ဦးတည်ချက်ကို ထောက်ပံ့ ပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်းကို သင်တန်းသူ/သင်တန်းသားများ အနေဖြင့် သင်တန်းအစမှအဆုံး အောင်မြင်စွာ တက်ရောက်ကြစေလိုကြောင်း၊ မိဘများ၊ ဆရာ/ဆရာမများ အနေဖြင့်လည်း ကျောင်းသား လူငယ်များ၏ အားကစားလှုပ်ရှားမှုများကို ဆက်လက်ပံ့ပိုးကူညီပေးစေလိုပါကြောင်း၊ သင်တန်းတွင် သင်ကြားပို့ချပေးမည့် နည်းပြဆရာများအနေဖြင့် စိတ်စေတနာပြည့်၀စွာဖြင့် မိမိတို့တတ်ကျွမ်းထားသော အားကစားပညာရပ်များကို သင်တန်းသား/သင်တန်းသူများအား စနစ်တကျကျွမ်းကျင် တတ်မြောက်အောင် သင်ကြားပေးကြစေလို ကြောင်း ပြောကြားကာ ၂၀၁၉ခုနှစ်၊ ဆောင်းရာသီအခြေခံ အားကစားသင်တန်းကို ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် သင်တန်းဖွင့်လှစ်မည့် မြို့နယ်များအား နေပြည်တော်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုး၀င်းအောင်မှ သင်တန်းအထောက်အကူပြု အားကစား ပစ္စည်းများ ပေးအပ်ရာ ဇေယျာသီရိမြို့နယ် ပညာရေးမှူးနှင့် ဥတ္တသီရိမြို့နယ် ပညာရေးမှူးတို့အားလည်းကောင်း၊    ပညာရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်၀င်းမှ ပုဗ္ဗသီရိမြို့နယ်ပညာရေးမှူးနှင့် ဇမ္ဗူသီရိမြို့နယ် ပညာရေးမှူးတို့အားလည်းကောင်း၊    ပညာရေး ၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်မှ ပျဉ်းမနားမြို့နယ်၊ ပညာရေးမှူး၊ လယ်ဝေးမြို့နယ်ပညာရေးမှူးနှင့် တပ်ကုန်းမြို့နယ်ပညာရေးမှူးတို့အား လည်းကောင်း အသီးသီးပေးအပ်ခဲ့ပါသည်။
 

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ သင်တန်းထောက်ပံ့ချီးမြှင့်ငွေများကို အ.ထ.က(၁)နေပြည်တော် ဘင်ခရာအဖွဲ့၊ အ.ထ.က(၁) နေပြည် တော် ပန်းပွားအဖွဲ့၊ အ.ထ.ကခွဲ-အ.လ.က(၃) နေပြည်တော် Physical  Fitness Dance အဖွဲ့၊ အားကစားသရုပ်ပြအဖွဲ့၊ အားကစားနည်းပြအဖွဲ့များကိုယ်စား ကိုယ်စားလှယ်(၂)ဦးစီအား ပေးအပ်ခဲ့ပါသည်။

ထို့နောက် အ.ထ.ကခွဲ-အ.လ.က(၃) နေပြည်တော်မှ ကျောင်းသားကျောင်းသူလေးများက Physical  Fitness Dance ဖြင့် လည်းကောင်း၊ (ကရာတေး၊ ဝူရှူး) အားကစားနည်းများမှ မျိုးဆက်သစ် လူငယ်အားကစားသမားများက အားကစားနည်းအလိုက် သရုပ်ပြတင်ဆက်ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။
ယနေ့ ဖွင့်လှစ်သော ပြည်ထောင်စုနယ်မြေ နေပြည်တော် ဆောင်းရာသီအခြေခံအားကစားနည်း သင်တန်းကို အားကစားနည်း(၉)နည်းဖြင့် သင်ကြားပြီး သင်တန်းသား/သင်တန်းသူ(၆၀၀၀)ခန့် တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အားကစားနည်း(၉)နည်းမှာ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ ပြေးခုန်ပစ်၊ မြန်မာ့သိုင်း၊ စားပွဲတင်တင်းနစ်တို့ဖြစ်ပြီး (၂၅.၁၁.၂၀၁၉)ရက်နေ့မှ (၆.၁.၂၀၂၀)ရက်နေ့အထိ ဖွင့်လှစ်မှာဖြစ်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာကျောင်းများနှင့် မြို့နယ်အားကစားကွင်းများ၌ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 


back to top Eng