skip to content

နေပြည်တော်၊ဒီဇင်ဘာ(၂)ရက်။ 

ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ၂၀၁၉ခုနှစ် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ မနီလာမြို့၌ ကျင်းပပြုလုပ်သော (World Trade Center Halls A & B) အားကစားခန်းမ၌ ကျင်းပပြုလုပ်သော ဝူရှူးပြိုင်ပွဲတွင် မြန်မာဝူရှူး အားကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ရာ သိန်းသန်းဦးသည်  ဝူရှူး(နန်းတောင်း၊ နန်းကွန့်)ပွဲစဉ်တွင် ပြိုင်ပွဲ(၂)ရက်ပေါင်း ယှဉ်ပြိုင်ကစားပြီးဖြစ်ရာ ဒုတိယနေ့ပွဲစဉ်အပြီးတွင် အဆင့်(၄) နေရာတွင် လညး်ကောင်း၊ (အမျိုးသား) ထိုက်ချိကျန့်ပွဲစဉ်တွင် ငြိမ်းချမ်းကိုကိုသည် အဆင့်(၇)နေရာနှင့်  (တောင်းဆု၊ ကွန့်ဆု)ပွဲအတွက် တောင်းဆုပွဲစဉ်တွင် မျိုးမင်းကြီးသည် အဆင့်(၈)နေရာတွင်လည်းကောင်း အသီးသီး ရရှိခဲ့ပါသည်။

ဆက်လက်၍ မနီလာမြို့ (Ninoy Aquino Stadium) ၌ ကျင်းပပြုလုပ်သော အလေးမအားကစားနည်းမှ (၄၉)ကီလိုတန်းပြိုင်ပွဲတွင် အမျိုးသမီးပွဲစဉ်အဖြစ် ပြည့်ပြည့်ဖြိုး ၀င်ရောက်ယှဉ်ပြိုင်ရာ ငွေတံဆိပ်(၁)ခု ရရှိခဲ့ပါသည်။ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပထမဆုရရှိသော အင်ဒိုနီးရှား၊ ဒုတိယဆုရရှိသော မြန်မာ၊ တတိယဆုရရှိသော ဗီယက်နမ်တို့အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အင်ဒိုနီးရှားနိုင်ငံ၊ အမျိုးသားအားကစားကော်မတီဥက္ကဌတို့မှလည်းကောင်း ဆုများပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ (SAN JUAN AREA)၌ ကျင်းပပြုလုပ်သည့် ဘတ်စကတ်ဘောအားကစားနည်းတွင် အမျိုးသား(၃ x ၃) ပွဲစဉ်အဖြစ် ထိုင်းအသင်းနှင့် မြန်မာ အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ထိုင်းအသင်းမှ (၂၁)မှတ် (၁၃)မှတ်ဖြင့်လည်းကောင်း၊ အမျိုးသမီး(၃ x ၃) ပွဲစဉ်အဖြစ် အင်ဒိုနီးရှားအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အင်ဒိုနီးရှားအသင်းမှ (၂၁)မှတ် (၁၁)မှတ်ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

ဆက်လက်၍ ညနေပိုင်းတွင် ဆက်လက်ယှဉ်ပြိုင်ကစားသော ဝူရှူးအားကစားနည်းတွင် ဆန်းဒါ (၆၅)ကီလိုတန်းပြိုင်ပွဲတွင် မြန်မာမှ စုလှိုင်၀င်းက ထိုင်းကစား သမားကို (၂)ပွဲပြတ်ဖြင့် အနိုင်ယူပြီး ငွေတံဆိပ်(၁)ခု ဆွတ်ခူးရရှိခဲ့ပြီး၊ ဆန်းဒါအမျိုးသားအတိုက်ပြိုင်ပွဲတွင် (၄၈)ကီလိုတန်းပြိုင်ပွဲ၌ အောင်မျိုးထွန်းမှ ကြေးတံဆိပ် (၁)ခု၊ (၆၅)ကီလိုတန်းပြိုင်ပွဲ၌ ချစ်ကိုကိုမှ ကြေးတံဆိပ်(၁)ခု ဆွတ်ခူးရရှိခဲ့ပါသည်။

အဆိုပါ ပြိုင်ပွဲများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အင်ဒိုနီးရှားနိုင်ငံ၊ အမျိုးသားအားကစားကော်မတီဥက္ကဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ မြန်မာအားကစားအဖွဲ့ ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ မြန်မာအလေးမအဖွဲ့ချုပ် ဥက္ကဌနှင့် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံ ဘတ်စကတ်ဘော အဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေးနှင့် အဖွဲ့၀င်တို့သည် မနီလာမြို့ရှိ ပွဲစဉ်များအား လိုက်လံကြည့်ရှု အားပေးလျက်ရှိပါသည်။

ဆက်လက်၍DCD. LOT. FRONT of Royce Hotel (Lark)တွင် ကျင်းပသော ပီတန်းအားကစားနည်း၌ မြန်မာအားကစးအဖွဲ့၀င်ရောက်ယှဉ်ပြိုင်ရာ အမျိုးသမီးသုံးယောက်တွဲ အုပ်စုတွင်းပြိုင်ပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို (၁၃)မှတ် (၄)မှတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။

ဆက်လက်၍  Subic Bay Gymuasium အားကစားရုံတွင် ကျင်းပပြုလုပ်သည့် ပိုက်ကျော်ခြင်း အမျိုးသားနှစ်ယောက်တွဲ အသင်းလိုက် ပြိုင်ပွဲတွင် မြန်မာက ကမ္ဘောဒီးယားကို (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။

ဆက်လက်၍SCC Angleles University Foundation Clark City အားကစားရုံ၌ ကျင်းပပြုလုပ်သည့် အားနစ် (Arnis) ပြိုင်ပွဲများကို ဒုတိယနေ့ ပွဲစဉ်များအဖြစ် ဆက်လက်ကျင်းပလျက်ရှိရာ မြန်မာအားနစ်အသင်းမှ အမျိုးသားအတန်း(၄)တန်း၊ အမျိုးသမီးအတန်း(၄)တန်း ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိရာ အမျိုးသားပွဲစဉ်၌ အမျိုးသား(-၅၅)ကီလို ဘင်တန်ဝိတ်တန်းပြိုင်ပွဲ၌ နေလင်းဦး(မြန်မာ)က ကြေးတံဆိပ်(၁)ခု၊ အမျိုးသား(-၆၀)ကီလို ဖယ်သာ ဝိတ်တန်းပြိုင်ပွဲ၌ တင်ကို (မြန်မာ)က ကြေးတံဆိပ်(၁)ခု၊ အမျိုးသား (+၆၀-၆၅)ကီလို လိုက်ဝိတ်တန်းပြိုင်ပွဲတွင် အောင်ခိုင်လင်း (မြန်မာ)က ကြေးတံဆိပ်(၁)ခု၊ အမျိုးသား (+၆၅)ကီလို ၀ယ်သာဝိတ်တန်းပြိုင်ပွဲတွင် ကျော်သူရိန်ထွန်း (မြန်မာ)က ကြေးတံဆိပ်(၁)ခု အသီးသီးရရှိထားသည်။
ဆက်လက်ပြီး အမျိုးသမီး(-၅၀)ကီလို ဘင်တန်ဝိတ်တန်းပြိုင်ပွဲ၌ ၀တ်ရည်ချို(မြန်မာ)က ကြေးတံဆိပ်(၁)ခု၊ အမျိုးသမီး(+၆၀)ကီလို ၀ယ်သာဝိတ်တန်းပြိုင်ပွဲ၌ အယ်ရှီးလာမင်းနိုင်(မြန်မာ)က ကြေးတံဆိပ် (၁)ခု၊ အမျိုးသမီး(+၅၀-၅၅)ကီလို ဖယ်သာဝိတ်တန်းပြိုင်ပွဲ၌ မော်မော်ဦး(မြန်မာ)က ငွေတံဆိပ်(၁)ခု၊ အမျိုးသမီး (+၅၅)ကီလို လိုက်ဝိတ်တန်းပြိုင်ပွဲ၌ မိုးမိုးအေး(မြန်မာ)က ငွေတံဆိပ်(၁)ခု ရရှိခဲ့ပါသည်။

ဆက်လက်ပြီး အမျိုးသမီးပွဲစဉ်တွင် ဆုရရှိသူများအား မြန်မာအားကစားအဖွဲ့ ဒုတိယခေါင်းဆောင် ညွှန်ကြားရေးမှူး ဦခွန်ဂျာအောင်၊ ဖိလစ်ပိုင် Arnis  အဖွဲ့ချုပ်ဥက္ကဌနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးခင်မောင်လွင်၊ မြန်မာနိုင်ငံ Arnis  အဖွဲ့ချုပ်ဒုတိယဥက္ကဌတို့မှ ဆုများ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ Binan, laguna မြို့ရှိ  Binan Football Stadium ကွင်း၌ ကျင်းပသည့် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ဒုတိယနေ့ပွဲစဉ်အဖြစ် ဒေသစံတော်ချိန်(၄)နာရီအချိန်၊ မြန်မာစံတော်ချိန် မွန်းလွဲ(၂)နာရီခွဲအချိန်တွင် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားရာ  မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းမှ (၅)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရှိရပါသည်။

(၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် (၅.၁၂.၂၀၁၉)ရက်နေ့ ဒေသစံတော်ချိန် ည(၈)နာရီ အချိန်၊ မြန်မာစံတော်ချိန် ညနေ(၆)နာရီခွဲ အချိန်တွင် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း  သတင်းရ ရှိပါသည်။
 


back to top Eng