skip to content

နေပြည်တော်၊ဒီဇင်ဘာ(၃)ရက်။

ဖိလစ်ပိုင်နိုင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ၂၀၁၉ခုနှစ် (၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံအသီးသီး၌ ကျင်းပပြုလုပ်ရာSCC Angleles University Foundation Clark City အားကစားရုံတွင် ကျင်းပပြုလုပ်သည့် အားနစ် (Arnis) ပြိုင်ပွဲများကို တတိယနေ့ပွဲစဉ်များအဖြစ် ဆက်လက်ကျင်းပလျက်ရှိရာWomen's Traditional (Final) ပွဲစဉ်တွင် (မြန်မာ)မှ အိန္ဒြေဖူးမှ ပထမဆုံး ရွှေတံဆိပ်(၁)ခုကို စတင်ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ Mens Non Traditional (Final) ပွဲစဉ်တွင် ရာဇာထွန်း (မြန်မာ)မှ ကြေးတံဆိပ်(၁)ခု၊Women Non Traditional (Final) ပွဲစဉ်တွင် အယ်ရှီးလာမင်းနိုင် (မြန်မာ)မှ ကြေးတံဆိပ်(၁)ခု၊ Men's Traditional (Final) ပွဲစဉ်တွင် ဘီဘီကျော်အောင် (မြန်မာ)မှ ကြေးတံဆိပ်(၁)ခုကို ထပ်မံဆွတ်ခူး ရရှိခဲ့ပါသည်။

ဆက်လက်ပြီး ပထမဆုရ (မြန်မာ)မှ အိန္ဒြေဖူးအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှလည်းကောင်း၊ ကျန်ရှိနေသော ဆုများအား မြန်မာအားကစားအဖွဲ့ ဒုတိယခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် ဖိလစ်ပိုင်နိုင်ငံ Arnis အဖွဲ့ချုပ်ဥက္ကဌတို့မှ ဆုများပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ (World Trade Center Halls A & B) အားကစားခန်းမ၌ ကျင်းပပြု လုပ်သော ဝူရှူးအားကစားနည်းတွင် အမျိုးသား(နန်းချွမ်)ပြိုင်ပွဲတွင် မြန်မာက သိန်းသန်းဦးမှ ကြေးတံဆိပ် (၁)ခု ဆွတ်ခူးရရှိခဲ့ပါသည်။

ဆက်လက်၍  (World Trade Center Halls B & C) အားကစားခန်းမ၌ ကျင်းပပြု လုပ်သော Fencing အားကစားပြိုင်ပွဲ Individual women Foil ပြိုင်ပွဲတွင် ပထမဆုံးအုပ်စုပွဲစဉ်အဖြစ် မြန်မာမှ မလေးရှားနှင့်ယှဉ်ပြိုင်ကစားရာ မလေးရှားမှ(၅)မှတ် (၄)ဖြင့်လည်းကောင်း၊ အိမ်ရှင်ဖိလစ်ပိုင်နှင့် ဆက်လက် ယှဉ်ပြိုင်ကစားကြရာ အိမ်ရှင်ဖိလစ်ပိုင်မှ (၅)မှတ် (၁)မှတ်ဖြင့် အနိုင်ရရှိသွားပါသည်။

ဆက်လက်၍ မနီလာမြို့ (Ninoy Aquino Stadium)၌ ကျင်းပပြုလုပ်သော အလေးမ အားကစားနည်းမှ (၅၉)ကီလိုတန်းပြိုင်ပွဲတွင် အမျိုးသမီးပွဲစဉ်အဖြစ် သင်းသင်းစု ၀င်ရောက်ယှဉ်ပြိုင်ရာ အဆင့် (၅)နေရာသာ ရရှိခဲ့ပါသည်။

ဆက်လက်၍ Coronado Lanes,Starmalls Edsa ၌ ကျင်းပပြုလုပ်သော ဘိုးလင်းအားကစားနည်း တစ်ဦးချင်း(အမျိုးသား)ပြိုင်ပွဲတွင် ပြိုင်ပွဲ၀င် အားကစားသမား(၃၀)ဦး ၀င်ရောက်ယှဉ်ပြိုင်ရာ  မြန်မာက ဌေး၀င်းအောင်မှ အဆင့်(၂၃)နေရာ၊ နိုင်လင်းထွန်းမှ အဆင့်(၂၈)နေရာတို့တွင်လည်းကောင်း၊ ဆက်လက်၍ တစ်ဦးချင်း(အမျိုးသမီး)ပြိုင်ပွဲတွင်  ပြိုင်ပွဲ၀င်အားကစားသမား(၂၈)ဦး ၀င်ရောက် ယှဉ်ပြိုင်ရာ မြန်မာက လှယဉ်မေမှ အဆင့်(၂၀)နေရာနှင့် မြင့်မြင့်စန်းမှ အဆင့်(၂၇)နေရာတွင် လည်းကောင်း၊ ဆက်လက်၍ Manila Hotel Tent ၌ ကျင်းပပြုလုပ်သော ဘိလိယက်ပြိုင်ပွဲတွင် အမျိုးသား 9ball (၂)ယောက်တွဲ ပွဲစဉ်အဖြစ် မြန်မာနှင့်ထိုင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ မြန်မာအားကစား အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးနှင့် တာ၀န်ရှိသူများ၊ မြန်မာအလေးမ အဖွဲ့ချုပ်ဥက္ကဌနှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ တာ၀န်ရှိသူတို့သည် မနီလာမြို့ရှိ ပွဲစဉ်များအား လိုက်လံ ကြည့်ရှုအားပေးလျက် ရှိပါသည်။

 

ဆက်လက်၍ (၂.၁၂.၂၀၁၉)ရက်နေ့တွင် ယှဉ်ပြိုင်ကစားခဲ့သော ဝူရှူးအားကစားနည်း ဆန်းဒါ(၆၅)ကီလိုတန်းပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိသော စုလှိုင်၀င်းအား မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ဆုများ ပေးအပ်ခဲ့ပါသည်။
ယနေ့အထိ ဆုတံဆိပ်ရရှိမှုမှာ ရွှေ(၁)ခု၊ ငွေ(၆)ခု၊ ကြေး(၂၀)ခု ရရှိပြီး မြန်မာနိုင်ငံအနေဖြင့် အဆင့်(၇) နေရာတွင်ရပ်တည်နေကြောင်း သိရှိရပါသည်။

 


back to top Eng