နေပြည်တော်၊ဒီဇင်ဘာ(၆)ရက်။
ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ၂၀၁၉ခုနှစ် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံအသီးသီး၌ ကျင်းပပြုလုပ်ရာ CDC Parade Grounds, Clark City ၌ ကျင်းပသည့် မြားပစ်အားကစားနည်းRecurve Men's (အမျိုးသားတစ်ဦးချင်း)ပွဲစဉ်တွင် မြန်မာမှ ထိုက်လင်းဦးသည် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အင်ဒိုနီးရှားကစားသမားကို အနိုင်ရရှိကာ ဖိုင်နယ်သို့ တက်ရောက်သွား ကြောင်းနှင့်Recurve Women's (အမျိုးသမီးတစ်ဦးချင်း)ပွဲစဉ်တွင် မြန်မာမှ ပြည့်စုံနှင်းသည် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဗီယက်နမ်ကစားသမားကို အနိုင်ရရှိကာ ဖိုင်နယ်သို့ တက်ရောက်သွားပါသည်။
ဆက်လက်၍ New Clark City Aquatics Center (Clark) တွင် ကျင်းပသော ရေကူးပြိုင်ပွဲ အမျိိုးသမီး မီတာ(၅၀)ရင်ဘောင်တန်းကူးပွဲစဉ်တွင် မြန်မာမှ နန်းဟန်နီဦးမှ အဆင့် (၆)နေရာသာ ရရှိခဲ့ပါသည်။
ဆက်လက်၍Laus Group Event Centre ၌ ကျင်းပပြုလုပ်သော ဂျူဒိုအားကစားပြိုင်ပွဲ (-၇၈)ကီလိုတန်း ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာနှင့် ထိုင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ အေးအေးအောင်က ငွေတံဆိပ်(၁)ခု ထပ်မံရရှိခဲ့ပါသည်။ဆက်လက်၍ Subic Bay Gymuasium အားကစားရုံတွင် ကျင်းပပြုလုပ်သည့် ပိုက်ကျော်ခြင်း အမျိုးသားသုံးယောက်တွဲ အသင်းလိုက်ပွဲစဉ်အဖြစ် မြန်မာအသင်းမှ အင်ဒိုနီးရှားအသင်းအား (၂)ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပါသည်။
ဆက်လက်၍ Subic မြို့Malawan Parkတွင် ကျင်းပသည့် ကနူးလှေ မီတာ(၁၀၀၀) အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာမှ စိုင်းမင်းဝေနှင့် အောင်ဖြိုးဟိန်းအတွဲမှ ငွေတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိခဲ့ပါသည်။အဆိုပါ ပြိုင်ပွဲများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာအားကစားအဖွဲ့ ဒုတိယခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် တာ၀န်ရှိသူများသည် မြန်မာ အားကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသော အားကစားကွင်း/ရုံအသီးသီးသို့ လိုက်လံကြည့်ရှု အားပေးပြီး Subic မြို့ Camayan Hotel တွင် နေထိုင်လျက်ရှိသော ကနူး၊ကယက် အားကစားသမားများ၏ နေထိုင်စားသောက်မှု အခြေအနေများအား လိုက်လံကြည့်ရှု၍ အားပေးစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မနီလာမြို့ Marine Corps Training Center ၌ ကျင်းပပြုလုပ်မည့် သေနတ်ပစ်အားကစားနည်း လေပစ္စတိုပစ်ပြိုင်ပွဲတွင် မြန်မာမှ ရဲထွန်းနောင်သည် အဆင့်(၆)နေရာနှင့် လှိုင်၀င်းစိုးသည် အဆင့်(၈)နေရာသာ ရရှိခဲ့ပါသည်။ဆက်လက်၍ ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ 9ball ပွဲစဉ်တွင် မြန်မာနှင့် ဘရူနိုင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ ဖုန်းမြင့်ကျော်သည် (၉)ပွဲ (၄)ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး၊ အောင်မိုးသူသည် စင်္ကာပူ ကစားသမားအား (၉)ပွဲ (၆)ပွဲဖြင့် ရှုံးနိမ့်ခဲ့ပါသည်။ဆက်လက်၍ PICC Forum ၌ ကျင်းပပြုလုပ်သော လက်ဝှေ့အားကစားပြိုင်ပွဲ အမျိုးသမီး (၄၈)ကီလိုတန်းပွဲစဉ်တွင် မြန်မာမှ အေးငြိမ်းထူးသည် အင်ဒိုနီးရှားကစားသမားအား ရှုံးနိမ့်ခဲ့ပြီး အမျိုးသား (၅၆)ကီလို ဘင်တန်ဝိတ်တန်းပွဲစဉ်တွင် မြန်မာမှ နိုင်လတ်သည် ဗီယက်နမ်ကစားသမားအား ရှုံးနိမ့်ခဲ့ပါသည်။ဆက်လက်၍ Philsports Area ၌ ကျင်းပပြုလုပ်သော ဘော်လီဘောပြိုင်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်တွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ (၁၄-၂၅)မှတ်၊ (၂၀-၂၅)မှတ်၊ (၁၄-၂၅)မှတ်ဖြင့် လည်းကောင်း ရှုံးနိမ့်ခဲ့ပါသည်။အဆိုပါ ပြိုင်ပွဲများသို့ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးနှင့် တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးလျက်ရှိပါသည်။ယနေ့အထိ ဆုတံဆိပ်ရရှိမှုမှာ ရွှေ(၂)ခု၊ ငွေ(၁၀)ခု၊ ကြေး(၂၃)ခု ရရှိပြီး မြန်မာနိုင်ငံအနေဖြင့် အဆင့်(၇)နေရာတွင် ရပ်တည်နေကြောင်း သိရှိရပါသည်။