skip to content

 

 

၇ ဒီဇင်ဘာ

၂၀၁၉ ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ညနေပိုင်းက မနီလာမြို့ရှိ ရီဇယ်လ်ကွင်း၌ ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ခဲ့ပြီး အင်ဒိုနီးရှားနှင့် ဗီယက်နမ်အသင်းတို့ ဗိုလ်လုပွဲ တက်ရောက်သွားသည်။

 

မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ဆီမီးဖိုင်နယ် ကစားခဲ့ရပြီး သာမန်ပွဲကစားချိန် မိနစ် ၉၀ တွင် နှစ်ဂိုးစီသရေကျနေသောကြောင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ရာ အင်ဒိုနီးရှားအသင်းက နှစ်ဂိုးထပ်မံသွင်းယူခဲ့သောကြောင့် စုစုပေါင်း လေးဂိုး-နှစ်ဂိုးဖြင့် အရေးနိမ့်ခဲ့ရသည်။ မြန်မာအသင်းသည် နှစ်ဂိုးအရှုံးမှ နှစ်ဂိုးပြန်သွင်းကာ သရေကျခဲ့သော်လည်း အချိန်ပိုတွင် ဂိုးများထပ်မံခွင့်ပြုခဲ့ရသောကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသည်။ အင်ဒိုနီးရှားအသင်းသည် ၂၀၁၃ နောက်ပိုင်း ဗိုလ်လုပွဲသို့ တစ်ကျော့ပြန် တက်ရောက်နိုင်ခဲ့သည်။

 

မြန်မာအသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ကမ္ဘောဒီးယားကို အနိုင်ယူခဲ့သည့် အုပ်စုနောက်ဆုံးပွဲ လူစာရင်းအတိုင်း ယှဉ်ပြိုင်ခဲ့ပြီး အထောင်တိုက်စစ်မှူး မပါသောကြောင့် ယခုပွဲတွင် ရုန်းကန်ခဲ့ရကာ ပထမပိုင်းတွင် ထိရောက်သည့်ဂိုးသွင်းခွင့်မရခဲ့ပေ။ အင်ဒိုနီးရှားအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့သော်လည်း မြန်မာဂိုးသမား ဆန်းဆက်နိုင် အမှားမရှိသောကြောင့် ပထမပိုင်းတွင် ဂိုးမရခဲ့ခြင်းဖြစ်သည်။


back to top Eng