နေပြည်တော်၊ ဒီဇင်ဘာ (၇) ရက်။
''တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားလောက အဆင့်အတန်း မြင့်မားစေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုများ''အဖြစ် ဒီဇင် ဘာလ၏ အပတ်စဉ်စနေနေ့တိုင်း လူထုစုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝှမ်းလုံးရှိ အမြို့မြို့အနယ်နယ်များတွင် ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ထောင်စု နယ်မြေ နေပြည်တော်ရှိ၀န်ထမ်းများ လုပ်သားပြည်သူများ၏ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅:၃၀) နာရီအချိန် နေပြည်တော်၊ မြို့မဈေးရှေ့တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ၀န်ကြီးဌာနပေါင်းစုံမှ ၀န်ထမ်းများနှင့် နေပြည်တော်ရှိ လုပ်သားပြည်သူများ စုစုပေါင်းအင်အား (၈၇၆၅)ဦး တစ်ပျော်တစ် ပါးစည်ကားသိုက်မြိုက်စွာ ပါ၀င်ဆင်နွှဲကြပါသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါ၀င်ဆင်နွှဲကြသူများသည် နေပြည်တော်၊ မြို့မဈေးရှေ့၌ နံနက် (၅:၃၀)အချိန်တွင် စတင်တာလွှတ်ပြီး ပျဉ်းမနားတောင်ညိုလမ်း အတိုင်း သပြေကုန်းအဝိုင်းမှတဆင့် မဏိရတနာ ကျောက်စိမ်းခန်းမရှေ့အထိ ပျော်ပျော်ပါးပါးလမ်းလျှောက်ကာ ပန်း၀င်ကြပါသည်။ လူထုစုပေါင်း လမ်းလျှောက်ပွဲသို့ ပါ၀င်ဆင်နွဲကြသူများအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများက ရေသန့်ဘူးနှင့် အာဟာရ မုန့်များကို ပေးဝေကြပါသည််။
ထို့နောက် လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါ၀င်ဆင်နွှဲကြသူများသည် မဏိရတနာကျောက်စိမ်း ခန်းမရှေ့၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ (၁) (၂)နှင့် Free Hand Exercise လေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။