ဟားခါး ဒီဇင်ဘာ ၁၁
၂၀၁၉ ခုနှစ် ချင်းပြည်နယ်ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီက ချင်းပြည်နယ်ဟားခါးမြို့ရှိ ဝမ္မသူးမောင်အားကစားကွင်း၌ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဉီးပေါင်လွန်းမင့်ထန် ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ခရိုင်အလိုက် လာရောက် ယှဉ်ပြိုင်ကြသည့် အားကစားသမားများနှင့် နည်းပြများ တက်ရောက် ခဲ့ကြသည်။
အစီအစဉ်အရ ရှေးဉီးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေး ဝန်ကြီးဉီးပေါင်လွန်းမင့်ထန်က ကျောင်းသားအားကစားပွဲတော် ကျင်းပ ရခြင်း၏ရည်ရွယ်ချက်များဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး နှင့်ပညာရည်တိုးတက်မြင့်မားရေး၊ ကျောင်းတွင်းအားကစားပြိုင်ပွဲမှ တစ်ဆင့် နိုင်ငံ့ကိုယ်စားပြုအားကစားသမားများ လေ့ကျင့်ပြုစုနိုင်ရေး ၊ အားကစားစိတ်ဓာတ်ကိုအရင်းခံ၍ ချစ်ခင်ရင်းနှီးမှု၊ဇွဲရှိမှု၊သည်းခံမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှုစသည့်ကောင်းမြတ်သော အလေ့အကျင့်များ၊အရည်အသွေးကောင်းများရရှိလာစေရေးကြိုး စားဆောင်ရွက်ကြရန်နှင့်ချင်းပြည်နယ်ဂုဏ်ဆောင်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။
ထို့နောက်ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာ အဓိဌာန်(၄)ချက်ကို ရွတ်ဆိုခဲ့ကြပြီး ဝန်ကြီးနှင့်တက်ရောက်လာကြ သူများက အားကစားသမားတစ်ဉီးချင်းစီအား လိုက်လံနှုတ်ဆက် ကာအားပေး စကားပြောကြားသည်။
ဆက်လက်ပြီး ယနေ့ဖွင့်ပွဲ ပွဲစဉ်အဖြစ် အသက်(၁၆)နှစ်အောက် ဟားခါးခရိုင်ဘောလုံးအသင်းနှင့် မင်းတပ်ခရိုင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ကြ သည်။
ကျောင်းသားအားကစားပွဲတော်ကို ၁၉၉၀−၁၉၉၁ ပညာသင်နှစ်က စတင်ကျင်းပခဲ့ရာ ၁၉၉၇−၁၉၉၈ ပညာသင်နှစ်တွင် ချင်းပြည်နယ် ဟားခါးမြို့တွင် နောက်ဆုံးကျင်းပခဲ့ပြီး ၂၀၁၁−၂၀၁၂၊၂၀၁၂−၂၀၁၃ ပညာသင်နှစ် တွင် နေပြည်တော်၌ ဆက်လက်ကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်အခြေခံပညာဉီးစီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဘောလုံးပြိုင်ပွဲ၊ဘောလီဘောပြိုင်ပွဲ၊ပြေးခုန်ပစ်ပြိုင်ပွဲနှင့်ပိုက်ကျော်ခြင်းပြိုင်ပွဲများကိုနေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြည်နယ်အဆင့်ပြိုင်ပွဲအသီးသီးမှ လူရွေးချယ်ကာ ဟားခါးမြို့၌ ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၂၁ ရက်နေ့အထိ စခန်းသွင်းလေ့ကျင့်ပေးသွား မည်ဖြစ်ပြီးဟားခါးမြို့မှနေပြည်တော်သို့ ယခုလ ၂၂ ရက်နေ့တွင် သွားရောက်ကြမည်ဖြစ်ကြောင်း ဟားခါးခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးနိူင်းမန်ထံမှသိရှိရသည်။
ကျော်စွာ(ပြန်/ဆက်)