skip to content

 

ရန်ကုန်၊ ဇန်နဝါရီလ(၂၅)ရက်။

မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းပဥ္စမအကြိမ် အသင်းဝင်များစုံညီတွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သာထွန်းကျော်၊ ဒေါပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်တာဝန်ရှိသူများ၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများ အသင်းဥက္ကဌ ဦးနန္ဒကျော်စွာ၊ ဒုတိယဥက္ကဌများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ အားကစားနည်းအလိုက် မြန်မာ့ အားကစားလက်ရွေးစင်ဟောင်းကြီးများ စုံညီစွာ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြုကြပြီး  မြန်မာ့အားကစားလက်ရွေးစင် ဟောင်း များက ပွဲ​တိုင်ကျော် တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး က အဖွင့်အမှာစကားပြောကြားရာတွင်- 

  • မြန်မာ့အားကစားလောက အခြေအနေအရပ်ရပ် တိုးတက်အောင်မြင်မှု ရရှိအောင် ဘာတွေ ကိုဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာ  အကြံပြု စာဖြင့်ဖြစ်စေ ၊ နှုတ်ဖြင့် ဖြစ်စေ၊ ပြောကြားစေလို ၍ မိမိတို့ဘက်က ဆရာများတို့ရဲ့  အကြံဉာဏ်တွေကို သေသေချာချာလေးလေးစားစားဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်ဖြည့်ဆည်း ပေးမည်ဖြစ်ပါကြောင်း၊
  • မကြာခင်ရက်ပိုင်းအတွင်းမှာ  အားကစားသိပ္ပံကျောင်း (၆)ကျောင်းရဲ့ လုပ်ဆောင်ချက် တွေကို အသေးစိတ်လေ့လာသုံးသပ်ပြီး စွမ်းဆောင်မှု မြင့်တက်လုပ်ဆောင်ဖို့ လျာထားပါကြောင်း၊
  • ယခုအခါမှာလည်း ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး (EIM)  ကို တစ်ပြည်လုံး အတိုင်းအတာအရ လုပ်ဆောင်နေပြီဖြစ်ပါကြောင်း၊
  •  ရပ်ကွက်တွေ မြို့နယ်အားကစားကွင်းတွေ အထူးသဖြင့် အကျဉ်းစခန်းတွေမှာ လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် အကျဉ်းသားများအနေနှင့် အားကစားပြုလုပ်လျင် ပျော်ရွှင်မှု ရှိတယ်ဆိုတဲ့ သူတို့ ရဲ့ စိတ်ဓါတ်ခံယူချက် ပြောင်းလဲသွားပြီး နိုင်ငံတော်အတွက် အလွန်အကျိုးရှိသည့် ကိစ္စတစ်ရပ်ဖြစ်လာ နိုင်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများ အသင်းဥက္ကဌ ဦးနန္ဒကျော်စွာ က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောရာတွင် မိမိတို့ရဲ့ အသင်းအဖွဲ့သည် မိမိတို့ သက်တမ်း တစ်လျှောက်လုံး ကြိုးစားခဲ့ရတဲ့ အားကစားနှင့်ပတ်သက်တဲ့ အသိဉာဏ်၊ ဗဟုသုတ တွေကို အသက်ရှင်နေသရွေ့ နောင်လာနောင်သားအားကစားသမားလူတော်/လူကောင်းများကို လက်ဆင့် ကမ်းပေးနိုင်သော အဖွဲ့အစည်းအဖြစ် ဆက်လက်ကျင့်သုံးထမ်းဆောင်သွားပါမည်။  မြန်မာ့ အားကစားလောက တိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ဆက်လက်ပါဝင် ဆောင်ရွက်သွားပါမယ်လို့ ပြောကြားသွားခဲ့သည်။

 

ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် က  ပြောကြားရာတွင် မြန်မာအားကစားလက်ရွေးစင် ဟောင်းများအသင်းကို ၂၀၁၃ခုနှစ် မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ 27th SEA Games  ပြိုင်ပွဲအပြီးမှာ မြန်မာ့လက်ရွေးစင်ဟောင်းများမှ စုစည်းတိုင်ပင်ပြီး မြန်မာ့အားကစားလောက ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးမည့်အဖွဲ့အစည်းတစ်ခုကို ရည်ရွယ် ဆောင်ရွက်ခဲ့တာဖြစ်ပါကြောင်း၊ အသင်းဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်မှာ မြန်မာ့အားကစားတိုးတက် အောင်မြင်စေရေး၊ မြန်မာ့လက်ရွေးစင်ဟောင်းများ ချစ်ခင်ညီညွှတ်စွာ စုစည်း၍ အချင်းချင်း လူမှုရေးလိုအပ်ချက်များ ကူညီစောင့်ရှောက်ရေးနှင့် နိုင်ငံတော်၏ အားကစားဆိုင်ရာ အရေးကိစ္စများတွင် တတ်နိုင်သည့် ဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေးစတဲ့အချက်များနဲ့ ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း အတွင်းရေးမှူး ဦးစိုးသိန်း က အသင်း ၏ (၅)နှစ်တာဆောင်ရွက်မှုများကို အစီရင်ခံတင်ပြ၍ လည်းကောင်း၊ မြန်မာ့အားကစားလက်ရွေးစင် ဟောင်းများအသင်း၏ ဂုဏ်ထူးဆောင်အသင်းဝင်  မြန်မာ့လက်ရွေးစင်အလေးမအားကစားသမား ဟောင်း ဦးစိုးဝင်းက ဆုံးမသြဝါဒစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းသို့  အလှူငွေများ လှူဒါန်း ရာ အားကစားနှင့်ကာယပညာဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦး​ကျော်ဦး ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးများနှင့် အလှူရှင်များ

က အလှူငွေကျပ် စုစုပေါင်း သိန်း(၁၀၀)ကျော်ခန့်လှူဒါန်းရာ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊  အသင်းဥက္ကဌ ဦးနန္ဒကျော်စွာ၊ ဒုတိယဥက္ကဌ ဦးတင်အောင် နှင့် အမှုဆောင်တို့က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ခဲ့သည်။ 

ဆက်လက်၍  မြန်မာ့အားကစားသမား လက်ရွေးစင်ဟောင်းများအသင်း ဥက္ကဌ ဦးနန္ဒကျော်စွာ က နှစ်ပတ်လည်မဂ္ဂဇင်ဖြစ်မြောက်ရေး မဂ္ဂဇင်ထုတ်ပေးနိုင်ရေးအတွက် ဝိုင်းဝန် ကူညီခဲ့ကြသော ကြော်ငြာရှင်များ၊ ကာတွန်း၊ ဝတ္တုတိုဆောင်းပါး စာမူရှင်များအား မှတ်တမ်းလွှာ  နှင့် တကွ အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ပြီး အမျိုးသားစာကြည့်တိုက်နှင့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သို့ နှစ်ပတ်လည်မဂ္ဂဇင်းများအား တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှ စာကြည့်တိုက်မှူး ထံ သို့ ပေးအပ်လှူဒါန်းခဲ့သည်။

မြန်မာ့အားကစားသမားလက်ရွေးစင်ဟောင်းများအသင်း အမှုဆောင် ပြေးခုန်ပစ် လက်ရွေးစင်ဟောင်း ဦးသန့်ဇင် က ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ တက်ရောက်လာ ကြသော ဧည့်သည်တော်များနှင့် လက်ရွေးစင်ဟောင်းများအား စုံညီတွေ့ဆုံပွဲ အထိမ်းအမှတ် ကံစမ်းမဲဖောက်ပေးပြီး နေ့လည်စာနှင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။


back to top Eng