နေပြည်တော်၊ ဇန်နဝါရီလ(၂၈)ရက်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသော တိုင်းဒေသကြီးနှင့် ပြည်နယ် U-21 အမျိုးသား(ဘောလုံး)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ (၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော် ကျန်းမာရေးနှင့် အားကစားယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဌ ဒေါက်တာ ဇော်လင်းထွဋ်နှင့် အဖွဲ့ဝင်များ ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မြန်မာ့ဘောလုံးအားကစားကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူပြုနိုင်စေရေးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ ဘောလုံးအားကစားသမားများအချင်းချင်း သွေးစည်းညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွား လာစေရေး၊ ထူးချွန်ထက်မြက်သော လူငယ်သွေးသစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို အဓိကရည်ရွယ်ပါကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ဝင်စားလာပြီး မြို့နယ်များရှိ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများကိုလည်း နှစ်စဉ်အားကစားပြက္ခဒိန်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ မြန်မာ့ဘောလုံးအားကစားကို အရှေ့တောင်အာရှနှင့် အာရှဒေသနယ်ပယ်မှာ အောင်မြင်စွာ ရပ်တည်နိုင်ရေးသည် ပြည်သူတစ်ရပ်လုံး လိုလားချက်ဖြစ်သည်နှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရည်မှန်းချက်တစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိ ပါကြောင်း၊ မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်လာစေရေးအတွက် ဘောလုံးအကယ်ဒမီကျောင်းများ ဖွင့်လှစ်ခြင်း၊ သက်တမ်း အလိုက် ပြည်တွင်းပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ပြည်ပပြိုင်ပွဲများစေလွှတ်ယှဉ်ပြိုင်ခြင်း၊ အိမ်ရှင်အဖြစ်လက်ခံ၍ ဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပပေးခဲ့ပါကြောင်း၊ ယခုတိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလုံးပြိုင်ပွဲမှ ထူးချွန်ထက်မြက်သော သွေးသစ်ဘောလုံးသမားများအနေဖြင့် မြန်မာ့လက်ရွေးစင် လူငယ် ဘောလုံးအသင်းက ရွေးချယ်လေ့ကျင့်ပေးပြီး နိုင်ငံကိုယ်စားပြု ကစားနိုင်သည့်အထိ အောင်မြင်မှုများရရှိအောင် ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲရည်မှန်းချက်မြင့်မားသည်နှင့် အညီပြိုင်ပွဲ အနှစ်သာရများ အကောင်အထည်ပေါ်အောင် တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ ဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင် ကြမည့် ဒိုင်လူကြီးများအနေဖြင့် သတ်မှတ်ထားသော ဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများနှင့် အညီ တရားမျှတစွာ ဆောင်ရွက်သွားကြ စေလိုကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ ကလည်း အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြစေလို ကြောင်း၊ ယခုပြိုင်ပွဲမှ တစ်ဆင့်ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်ကအားထားရမည့် ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်အောင် ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းမှာကြားကာ ၂၀၂၀ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၁)နှစ်အောက် အမျိုးသား(ဘောလုံး)ပြိုင်ပွဲ ကိုဖွင့်လှစ်ပေးခဲ့သည်။
ထိုနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြိုင်ပွဲဝင် အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
ယနေ့ပြိုင်ပွဲများအဖြစ် ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းမှ (၂)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။
၂၉.၁.၂၀၂၀ရက်နေ့ နံနက် (၇)နာရီ (၃၀)မိနစ်အချိန်တွင် မွန်ပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားလေ့ကျင့်ရေးကွင်း(၃)တွင်လည်းကောင်း၊ ညနေ (၃)နာရီအချိန်တွင် တနင်္သာရီ တိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း (၁)နှင့် ကွင်း(၃)တို့တွင် အသီးသီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲကို (၂၈.၁.၂၀၂၀)ရက်နေ့မှ (၁၁.၂.၂၀၂၀)ရက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲဝင်အသင်း (၁၅)သင်း၊ ပြိုင်ပွဲဝင် အားကစားသမား (၂၇၀)ဦးဖြင့် ဝဏ္ဏသိဒိ္ဓဘောလုံးလေ့ကျင့်ရေးအားကစားကွင်း (၁)နှင့် ကွင်း(၃)တို့တွင် နေ့စဉ် နံနက် (၇)နာရီ (၃၀)မိနစ်နှင့် ညနေ (၃)နာရီအချိန်တို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှု နိုင်ပါကြောင်း သတင်းရရှိသည်။