နေပြည်တော် ဇန်နဝါရီ(၃၁)ရက်။
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းဖွင့်လှစ်သော Physical Fitness Dance သင်တန်းအမှတ်စဉ်(၁/၂၀၂၀) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦး၊ ညွှန်ကြားရေးမှူးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းဖွင့်လှစ်သော "ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး" "Exercise is Medicine" ကိုတစ်တိုင်းပြည်လုံး၊ ပြည်သူတစ်ရပ်လုံး ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့သော Physical Fitness Dance သင်တန်းဖြစ်ပါကြောင်း၊ ယနေ့ခေတ်ကာလတွင် ကျောင်းသားလူငယ်များနှင့် အရွယ်မျိုးစုံလူများသည် နည်းပညာဖွံ့ဖြိုးတိုးတက်လာပြီး နေထိုင်မှုပုံစံတွေ ပြောင်းလဲလာသည်နှင့်အညီ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ ဗီဒီယိုဂိမ်းများနှင့် အချိန်ကုန်စေပြီး ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာသောကြောင့် ရောဂါဖြစ်ပွားမှု ပိုမိုများ ပြားလာသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ ထို့အပြင် ကစားကွင်း၊ ပန်းခြံ အစရှိသော အပန်းဖြေစရာနေရာ နည်းပါးလာခြင်း၊ မော်တော်ယာဉ်များပြားလာခြင်း၊ လူဦးရေသိပ်သည်းမှုများပြားလာခြင်း၊ ကိုယ်ပိုင် အားလပ်ချိန်များ နည်းပါးလာခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် လုံလောက်သော ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်နိုင်ခြင်းကြောင့် ဆီးချို၊ သွေးချို၊ နှလုံးရောဂါ အမျိုးမျိူးဖြစ်ပွားပြီး ကျန်းမာရေးချို့တဲ့လာသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ ထို့ကြောင့် လူတိုင်း လူတိုင်း ကိုယ်လက်လှုပ်ရှားမှုကို တစ်ပတ်တွင် အနည်းဆုံး မိနစ်(၁၅၀)ပြုလုပ်သင့်ကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းဖြစ်သော (WHO) ကလည်း လမ်းညွှန်မှုပြုထားပါကြောင်း၊ ထို့ကြောင့် ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်သည့် အလေ့အကျင့်များရှိအောင် ပြုလုပ်သင့်ပါကြောင်း၊ လူငယ်လူရွယ်များစွာကို တာဝန်ယူအုပ်ချုပ် သင်ကြားပေးနေသော ဆရာ/ ဆရာမများအနေဖြင့် မိမိတို့အရပ်ဒေသ ကျောင်းများမှစ၍ တစ်ယောက်မှတစ်ရာ၊ တစ်ရာမှ တစ်ထောင်ဖြစ်အောင် Exercise is Medicine ကို ဆင့်ကဲဆင့်ကဲ သင်တန်းပေး ပြန့်ပွားစေပြီး တိုးတက်အောင် လုပ်ဆောင်သင့်ပါကြောင်း ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ် အားကစား အရာရှိများ၊ ကာယဆရာ/ ဆရာမများ အနေဖြင့် မိမိတို့ကျောင်းများကို ပြန်လည် ရောက်ရှိသည့် အခါတွင် ယခုသင်တန်းမှ သင်ကြားပို့ချသော ပညာရပ်များဖြင့် ပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသူ/ ကျောင်းသားများအားလုံး ကိုယ်လက်လှုပ်ရှား ဆောင်ရွက်နိုင်ရေးအတွက် Exercise is Medicine ဟောပြောပွဲများနှင့်အတူ စည်းရုံးဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား ခဲ့သည်။
ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ Physical Fitness Dance သင်တန်းနည်းပြများအား ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ရာ သင်တန်းနည်းပြများကိုယ်စား သင်တန်း နည်းပြ(၁)ဦးမှလည်းကောင်း၊ Physical Fitness Dance သင်တန်းသို့ သင်တန်းတက်ရောက်အောင်မြင်ပြီးသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ရာ သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသား(၂)ဦးကို လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
Physical Fitness Dance သင်တန်းအမှတ်စဉ် (၁/၂၀၂၀)သင်တန်းကို (၂၀.၁.၂၀၂၀) မှ (၃၁.၁.၂၀၂၀)ရက်နေ့အထိ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၂၅၆)ဦး သင်တန်း တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။