နေပြည်တော်၊ ဖေဖော်ဝါရီလ(၁)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တိုင်းဒေသကြီးနှင့်ပြည်နယ် U-21 အမျိုးသား(ဘောလုံး) ပြိုင်ပွဲများကို သတ်မှတ်အားကစားကွင်းများတွင် ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု့ခဲ့ကြသည်။
ယနေ့ပွဲစဉ်များအဖြစ် ယနေ့ နံနက်(၇)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၃)၌ ချင်းပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ တစ်ဖက်(၁)ဂိုးစီ သရေဖြင့်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၃)တွင် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်းဒေသကြီးအသင်းမှ (၂)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၁)တွင် မန္တလေးတိုင်းဒေသကြီး အသင်းနှင့် ကယားပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ (၆)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားသည်။
(၂.၂.၂၀၂၀)ရက်နေ့ ညနေ(၃)နာရီအချိန်တွင် ကရင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ် အသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၁)တွင်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစား လေ့ကျင့်ရေးကွင်း(၃)တွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစား ကြမည်ဖြစ်ရာ ဘောလုံးအားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။