skip to content

နေပြည်တော်။        ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ (၄) ရက်။

မြန်မာ့အားကစားအဆင့်အတန်း တိုးတက်စေရန်ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(၆)ကျောင်း ဆောင်ရွက်နေမှုများ သုံးသပ်ခြင်းနှင့် ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၈) နာရီ(၃၀) မိနစ်အချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B) ရုံ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နယ်ပယ်အသီးသီးမှကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များမှ နည်းပြ/နည်းစနစ်ကျွမ်းကျင်သူများ၊ မြန်မာနိုင်ငံ လက်ရွေးစင်ဟောင်းများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ -

  • ယနေ့ပြုလုပ်သောအလုပ်ရုံဆွေးနွေးပွဲသည် မြန်မာ့အားကစားလောကကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသော အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (၆)ကျောင်းကို ယခုထက်ပိုမိုထိရောက်စွာ လေ့ကျင့်သင်ကြားပေးနိုင်ရန် ဘက်စုံမှ ဆန်းစစ်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲရေးများလုပ်ရန် ဖြစ်ပါကြောင်း၊
  • အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့်ရှိသည် ထူးချွန်သော လက်ရွေးစင် အားကစားသမားများ ပိုမိုပေါ်ထွက်လာစေရန် ဘယ်လိုလေ့ကျင့်သင်ကြားသင့်သည် များကို ဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊
  • အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများတွင် လက်ရှိလေ့ကျင့်သင်ကြားပေးနေမှုပုံစံ သည် ကောင်းမွန်ခြင်း ရှိ/ မရှိ၊ အချိန်ကာလသတ်မှတ်မှု သင့်လျော်မှန်ကုန်မှု ရှိ/ မရှိ၊ သိပ္ပံနည်းကျသင်ကြားပေးမှု ရှိ/ မရှိ စသည်တို့ကို လေ့လာသုံးသပ်ရမှာဖြစ်ပါကြောင်း၊
  • သင်တန်းသားတစ်ဦးချင်းစီ၏ တိုးတက်မှုအခြေအနေကိုလည်း ကွန်ပျူတာဖြင့် စနစ်တကျ မှတ်တမ်းတင်ထားရှိပြီး အနည်းဆုံး (၃)လတစ်ကြိမ် လေ့လာဆန်းစစ်ရမည် ဖြစ်ပြီး အကယ်၍ တိုးတက်မှုမရှိပါက သင်တန်းသား၏ကြိုးစားအားထုတ်မှု မကောင်းခြင်းကြောင့်လား၊ နည်းပြများ၏ အားနည်းချက်ကြောင့်လား၊ အခြားမည်သည့်လိုအပ် ချက်ကြောင့်ဆိုသည်ကို ရှာဖွေဆန်းစစ်ဖေါ်ထုတ်ရမှာဖြစ်ပါကြောင်း၊
  • သိပ္ပံကျောင်းများ၌ အစားအသောက်ကျွေးမွေးနေမှုသည် အာဟာရပြည့်ဝမှု ရှိ/ မရှိ၊ လုံ‌လောက်မှုရှိ/ မရှိ၊ သက်ဆိုင်ရာအားကစားနည်းအလိုက် သင့်လျော်သော အစား အသောက် အမျိုးအစား ဟုတ်/ မဟုတ် စသည်တို့ကိုလည်း အာဟာရပညာရှင်များ၊ အားကစားသိပ္ပံပညာရှင်များ ရိပ်သာမှစာဖိုးမှူးများနှင့် တိုင်ပင်ဆွေးနွေးသုံးသပ်ရမည် ဖြစ်ပါကြောင်း၊
  • မျိုးဆက်သစ်အားကစားသမားများကို မည်ကဲ့သို့သောနည်းလမ်းဖြင့် ရှာဖွေစုဆောင်းမည်၊ မည်ကဲ့သို့ ရွေးချယ်မှုစံနှုန်းများ (criteria) များ သတ်မှတ်ရွေးချယ်မည်ကို ဆွေးနွေးအကြံပြုရန်ဖြစ်ပါကြောင်း၊
  • ထိုသို့ရွေးချယ်ရာတွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများတွင် လေ့ကျင့်သင်ကြားပေးနေသော အားကစား (၂၂)နည်းအလိုက် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်မှ နည်းစနစ်ကျွမ်းကျင်ပညာရှင်များ၊ လက်ရွေးစင်ဟောင်းများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများအားလုံး ပါဝင်ရွေးချယ်ရန်လိုအပ်ပါကြောင်း၊
  • ကျောင်းသား/ ကျောင်းသူများ၊ သင်တန်းသားများ၏ သဘောထားအမြင်များကို ရရှိကာ မှန်ကန်သောအဖြေ၊ နည်းလမ်းများကို ဖေါ်ထုတ်နိုင်ရန်အတွက် ကျောင်းသားများ နှင့်လည်း ဦးတည်အုပ်စုဖွဲ့ဆွေးနွေးခြင်း (PGD) ပြုလုပ်ရမည်ဖြစ်ကြောင်း၊
  • လက်ရှိအချိန်တွင် အား/ကာသိပ္ပံကျောင်းများ၌ ကျောင်းသားများသည် အားကစား လေ့ကျင့်မှုများပြုလုပ်နေရသည့်အပြင် သက်ဆိုင်ရာပညာရေးအဆင့်အတန်းလိုက် (၈) တန်း၊ (၉)တန်း၊ (၁၀)တန်းကျောင်းစာများကိုလည်း လေ့လာသင်ယူခြင်း၊ စာမေးပွဲ ဖြေဆိုနေရပါကြောင်း၊
  • အားကစားလေ့ကျင့်မှုအချိန်သည် စာသင်သည့်အချိန်နှင့် နှိုင်းယှဉ်ပါက များစွာနည်းနေသည့်ကိစ္စကိုလည်း ယနေ့ဆွေးနွေးပွဲတွင် အလေးထားစဉ်းစားကြစေလိုပါကြောင်း၊
  • လက်ရှိအား/ကာသိပ္ပံကျောင်း (၆)ကျောင်းအနက် ကျောင်းစာသင်ကြားမှုမရှိဘဲ အားကစားကိုသာ သီးသန့်သင်ကြားသည့် ကျောင်း (၁)ကျောင်း (သို့မဟုတ်) ကျောင်း(၂) ကျောင်းအဖြစ် ပြောင်းလဲဖွင့်ချင်ပါကြောင်း၊
  • အားကစားထူးချွန်သူများ၊ အလားအလာရှိသူများကို ရွေးချယ်၍ အဆိုပါကျောင်းများတွင် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း၊ အတန်းပညာမသင်ကြားရသော်လည်း အဆိုပါ ကျောင်းသားများ၏ ဘဝရှေ့ရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းကို ဝန်ကြီးဌာနမှ စီစဉ်ပေးရမှာဖြစ်ပါကြောင်း၊
  • နောင်ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ၊ နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် အောင်နိုင်မှုရရှိပြီး အားကစားလောက ဦးမော့လာစေရန်မှာ မိမိတို့အားလုံး ၌ တာဝန်ရှိပါကြောင်း၊
  • (၂၀၁၉-၂၀၂၀) ခု ဘဏ္ဍာနှစ်တွင် အားကာသိပ္ပံကျောင်း (၆)ကျောင်းအတွက် ရန်ပုံငွေကျပ် (၆၂၃၃)သန်း ခွင့်ပြုချထားခဲ့ပြီး အဆိုပါရန်ပုံငွေများကို သင့်လျော်မှန်ကန်စွာ ခွဲဝေချထားမှု ရှိ/ မရှိ နှင့် အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ခြင်း ရှိ/မရှိတို့ကို လေ့လာသုံးသပ်ရမှာဖြစ်ပါကြောင်း၊
  • အား/ကာသိပ္ပံကျောင်း (၁)ကျောင်းစီ၏ စွမ်းဆောင်မှုအခြေအနေကို checklist  သုံး၍ ဆန်းစစ်ခြင်း၊ ပြင်ပလွတ်လပ်သော အဖွဲ့များက ဆန်းစစ်သုံးသပ်မှုများပြုလုပ်၍ နှစ်စဉ် အစီရင်ခံစာများ ထုတ်ဝေခြင်း (သို့မဟုတ်) အားကာသိပ္ပံကျောင်း (၁)ကျောင်းကို အခြား (၁)ကျောင်းမှ လေ့လာဆန်းစစ်ခြင်းတို့ကို ပြုလုပ်ပြီး တွေ့ရှိချက်များကို ဗဟိုမှ ပြန်လည် သုံးသပ်ရမှာဖြစ်ပါကြောင်း၊
  • စိတ်ဓာတ်ကြံ့ခိုင်ရေး၊ တရားမျှတစွာယှဉ်ပြိုင်ခြင်း၊ တာဝန်ယူစိတ်ရှိခြင်း၊ အားကစား ကျင့်ဝတ်ရှိရေး၊ အားကစားသမားအချင်းချင်း လေးစားစွာဆက်ဆံခြင်း၊ ပြိုင်ပွဲများတွင် ရှုံးနိမ့်ပါက ခံနိုင်ရည်ရှိရေး၊ အနိုင်ရရှိပါကလည်း မကြွားဝါ မထောင်လွှားရေး စသည်ဖြင့် အားကစားသမားကောင်းများ၏ အပြုအမူ စိတ်နေစိတ်ထားများ ရရှိလာစေရေးအတွက် အားကစားစိတ်ပညာနှင့် အားကစားကျင့်ဝတ်တို့ကိုလည်း အလေးထားသင်ကြားရမည် ဖြစ်ပါကြောင်း၊
  • ထို့အပြင် ထူးချွန်သည့်အားကစားသမားများ ပေါ်ထွက်လာရေးတွင် အရည်အချင်း၊ အရည်အသွေးရှိသည့်နည်းပြများပေါ်တွင် များစွာမူတည်နေသောကြောင့် နည်းပြများ၏ အရည်အချင်းမြှင့်တင်ရေးအတွက် ရက်တိုနည်းပြသင်တန်းများ ဖွင့်လှစ်သွားရမည်ဖြစ်ပါကြောင်း၊
  • ယနေ့ညနေပိုင်းတွင် အုပ်စု (၆)ခုခွဲ၍ - (၁) ကျောင်းအုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် ထောက်ပံ့ရေး၊ (၂) သင်တန်းသားရွေးချယ်မှုနည်းလမ်းနှင့်စံနှုန်းများ၊ (၃) လေ့ကျင့်ရေးနှင့် အကဲဖြတ်စောင့်ကြပ်ကြည့်ရှုမှုစနစ်၊ (၄) အာဟာရဖွံ့ဖြိုးရေးနှင့်ကျန်းမာကြံ့ခိုင်ရေး၊ (၅) ပညာရေးနှင့်စာသင်ကြားရေး၊  (၆) အလုပ်အကိုင်အခွင့်အလမ်းနှင့် ဘဝရှေ့ရေး စသည့် ခေါင်းစဉ်များကို ဆွေးနွေးသည့်အခါ  သက်ဆိုင်ရာအုပ်စုကို ဦးစီးပံ့ပိုးထိန်းညှိပေးသူများ၏ အခန်းကဏ္ဍသည် အထူးအရေးကြီးပါကြောင်း၊ အားကစားသမားများကို မည်ကဲ့သို့ သော လေ့ကျင့်ကစားမှုမျိုးကိုပြုလုပ်လျှင် မည်သည့်ကြွက်သားများကို ကြီးထွားသန်မာစေသည်ကို ကိုယ်တိုင်သိရှိနားလည်ရန် ရုပ်ပုံကားချပ်များဖြင့် ရှင်းလင်းပြသရန်လိုအပ် ပါကြောင်း၊
  • အားကစားသမားများအနေဖြင့် အားကစားဆိုင်ရာ ဇီဝကမ္မဗေဒ၊ အားကစားဆိုင်ရာ ခန္ဓာဗေဒတို့ကို သဘောပေါက်နားလည်စေရန် အရေးကြီးပြီး ရုပ်သံဗီဒီယိုများဖြင့် ရှင်းလင်းပြသရေး လိုအပ်ပါကြောင်း၊
  • နိဂုံးချုပ်အနေဖြင့်ပြောရလျှင် နိုင်ငံ၏အားကစားလောက ပြောင်းလဲတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာကြသူများအားလုံး ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုကြရန်နှင့် ဆန်းသစ်သောအတွေးအခေါ်များဖြင့် စဉ်းစားကြံဆတင်ပြပေးရန်နှင့် တင်ပြချက်များ၊ အကြံပြုချက်များကို မိမိနှင့် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက အလေးအနက်စဉ်းစား၍ လမ်းပြမြေပုံ၊ လုပ်ငန်းမူဘောင်များ ရေးဆွဲ၍ အဆင့်လိုက်အပိုင်းလိုက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) (မန္တလေး) (မော်လမြိုင်) (တောင်ကြီး) (မုံရွာ) (လွိုင်ကော်) ကျောင်းအုပ်ကြီးများမှ မိမိကျောင်းများ၏ အခြေအနေအရပ် ရပ်နှင့် ဆောင်ရွက်ထားရှိမှုများအား အသေးစိတ်သုံးသပ်ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြရာ ဖိတ်ကြားထားသောပညာရှင်များမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသော ပညာရှင်များမှ ကျောင်းတစ်ကျောင်းစီ၏ တင်ပြချက်များအပေါ် ဝေဖန်ဆန်းစစ်သုံးသပ်ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ကျောင်းအုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် ထောက်ပံ့ရေး၊ သင်တန်းသား ရွေးချယ်မှု နည်းလမ်းများနှင့် စံနှုန်းများ(Criteria)၊ လေ့ကျင့်ရေးနှင့် အကဲဖြတ်စောင့်ကြပ် ကြည့်ရူမှုစနစ် (Computerized recording and monitoring system)၊ အဟာရဖွံ့ဖြိုးရေးနှင့် ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေးနှင့် စာသင်ကြားရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဘဝရှေ့ရေး ခေါင်းစဉ်များဖြင့် အလုပ်ရုံဆွေးပွဲသို့ တက်ရောက်လာသူများမှ အုပ်စု(၆)အုပ်စုခွဲကာ ဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။

အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(၆)ကျောင်း ဆောင်ရွက်နေမှုများ သုံးသပ်ခြင်းနှင့် ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲကို (၄.၂.၂၀၂၀) ရက်နေ့မှ (၅.၂.၂၀၂၀) နေ့ထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံတွင်ကျင်းပပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ နယ်ပယ်အသီးသီးမှကျွမ်းကျင်ပညာရှင်များ၊ သိပ္ပံကျောင်း(၆)ကျောင်း/ အခြေခံ ပညာဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးများ၊ လက်ရွေးစင်ကစားသမားဟောင်းများ၊ အားကစားအဖွဲ့ချုပ်များမှ နည်းစနစ်ကျွမ်းကျင်သူများ စုစုပေါင်း (၁၇၂)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


back to top Eng