skip to content

နေပြည်တော်၊ ဖေဖော်ဝါရီ(၁၃)ရက်။       

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးစီးပြီး ၂၀၂၀ပြည့်နှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို  ယနေ့မွန်းလွဲ(၂)နာရီအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရုံးအမှတ် (၃၁)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှတာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းများမှ သွေးသစ်အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ထိုမှတစ်ဆင့် လက်ရွေးစင်၊ နိုင်ငံကိုယ်စားပြုများကစားသမားများ ထွက်ပေါ်စေချင်ကြောင်း၊ ပြိုင်ပွဲများ ပြုလုပ်ရာတွင် ကျစ်ကျစ်လစ်လစ်ဖြင့် ငွေကုန်ကြေးကျနည်းပါးစွာဖြင့် အောင်မြင်နိုင်စေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် အဖွဲ့ချုပ်များမှ စီမံချက်များရေးဆွဲ၍ အကြံပေးစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် training Center များနှင့်ရေကူးအားကစားရုံများအနီးတွင် အားကစားသမားများ နေထိုင်သွားလာမှု အဆင်ပြေစေရန် အဆောက်အဦးများ ဆောက်လုပ်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပြည်သူများ စိတ်ဝင်စားလာစေရန် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် အားကစားကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်စေချင်ကြောင်း၊ နွေရာသီသင်တန်း၊ ဆောင်းရာသီသင်တန်း၊ ကျောင်းသားအားကစားပြိုင်ပွဲများသည် လွန်စွာ အကျိုးရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းသည် ရည်မှန်းထားတဲ့ အရည်အသွေးများရှိသည့် အားကစားသမားများပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လှည့်လည်ဆောင်ရွက်နိုင်စေသည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တစ်ခုစီမှ  အားကစားနည်းအလိုက် အရည်အချင်း (Talent) ရှိသည့် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦးစီပေါ်ထွက်လာနိုင်စေရန် ဝိုင်းဝန်းကြိုးပမ်းစေလိုကြောင်း အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းများတွင်လည်း အရည်အချင်းပြည့်ဝသည့်နည်းပြများကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မျိုးဆက်ဟောင်း အားကစားသမားဟောင်းများကိုလည်း လက်တွဲခေါ်ဆောင်ကြရန် ပြောကြားခဲ့သည်။ 

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးကျော်ဦးမှ အားကစားပြက္ခဒိန်ရေးဆွဲခြင်းနှင့်ပတ်သက်၍ ၂၀၂၀-၂၀၂၁ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို ၂၀၂၀ပြည့်နှစ် မေလမှ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလအထိ အားကစားနည်း(၂၈)နည်း၊ ပြိုင်ပွဲ(၃၂)ပွဲဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း ပြိုင်ပွဲများကျင်းပရန် စီစဉ်ထားရှိမှုကို ရှင်းလင်းပြောကြားပါသည်။

ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများမှတာဝန်ရှိများမှ ပြိုင်ပွဲကျင်းပရန်လိုအပ်သည့် ငွေကြေးဆိုင်ရာကိစ္စရပ်များနှင့် အားကစားသမားများ၊ ဒိုင်များ၊ အုပ်ချုပ်သူများ သွားလာနေထိုင် တည်းခိုနိုင်စေရေး ကိစ္စရပ်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လက်ခံကျင်းပလိုသည့် အားကစားနည်းများကို တင်ပြဆွေးနွေးခဲ့သည်။

 

ထို့နောက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ပြိုင်ပွဲနှင့်ပတ်သက်သည့် အားကစားနည်းအလိုက် စည်းမျဉ်း၊ စည်းကမ်းနည်း/ဥပဒေသစ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများမှ လိုအပ်သည်များကို ဝိုင်းဝန်း အကြံပြုတင်ပြခဲ့ကြသည်။

ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများ မကျင်းပမှီ ကစားနည်းများနှင့်ပတ်သတ်သည့် ဒိုင်သင်တန်းများ ကြိုတင်ဖွင့်လှစ်နိုင်ရေး၊ ပြိုင်ပွဲစည်းမျဉ်းများနှင့် နည်းဥပဒေများ ၊အချက်အလက်များကို ကြိုတင်၍ ဦးစီးဌာနမှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို website တွင် ဖော်ပြရန်နှင့်  အားကစားပြိုင်ပွဲများနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များကို မီဒီယာများတွင် ကြိုတင်ပါရှိစေရေးတို့ကို ပြောကြားခဲ့ပြီး အစည်းအဝေးအခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

၂၀၂၀-၂၀၂၁ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများကို ကယားပြည်နယ်တွင် တိုက်ကွမ်ဒို၊ ခရစ်ကက်ပြိုင်ပွဲ၊ တနင်္သာရီတိုင်းဒေသကြီးတွင် လက်ဝှေ့(Boxing)ပြိုင်ပွဲ၊ မကွေးတိုင်းဒေသကြီးတွင် အလေးမပြိုင်ပွဲ၊ ကချင်ပြည်နယ်တွင် အေရိုးဗစ်ပြိုင်ပွဲ၊ ရှမ်းပြည်နယ်တွင် ဘိလိယက်နှင့်စနူကာ၊ ဘော်လီဘော၊ ဘတ်စကတ်ဘော၊ U-17 ဘောလုံးပြိုင်ပွဲ၊ ကရင်ပြည်နယ်တွင် ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ မွန်ပြည်နယ်တွင် စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ပဲခူးတိုင်းဒေသကြီးတွင် U-21 ဘောလုံးပြိုင်ပွဲ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ရိုးရာခြင်းလုံးပြိုင်ပွဲ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပိုက်ကျော်ခြင်း၊ U-19 (မ)ဘောလုံးပြိုင်ပွဲ၊  ရန်ကုန်တိုင်းဒေသကြီးတွင် လှေလှော်၊ ကြက်တောင်၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊  မန္တလေးတိုင်းဒေသကြီးတွင် ကရာတေးဒို၊ U-18 ပြေးခုန်ပစ်၊ ဝူရှူးပြိုင်ပွဲ၊ ကျန်အားကစားနည်းများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

 


back to top Eng