နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၂)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသော တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်၂၅နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို သတ်မှတ်အားကစားကွင်းများတွင်ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတန်းအတွင်းဝင် ဦးသိန်းထွန်းလတ်၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု့ခဲ့ကြသည်။
ယနေ့ပွဲစဉ်များအဖြစ် ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်း(၁)တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၂)ဂိုးစီသရေဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၃)တွင် မွန်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မွန်ပြည်နယ်အသင်းမှ(၆)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။
(၂၃.၂.၂၀၂၀)ရက်နေ့ နံနက်(၇:၃၀)နာရီအချိန်တွင် ရခိုင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်း(၃)တွင်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးအသင်း နှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်း(၁)တွင်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်း(၃)တွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘောလုံးအားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။