skip to content

ရန်ကုန်၊ ဖေဖော်ဝါရီလ(၂၈)ရက်။              

၂၀၂၀ပြည့်နှစ်၊ (၄၂)ကြိမ်မြောက်တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲများကို ယနေ့ညနေ(၃)နာရီက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်လုပွဲနှင့်ဆုပေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့်တာဝန်ရှိ သူများ၊ အဖွဲ့ချုပ်ဥက္ကဌ ဦးသက်လွင်၊  ဒုတိယဥက္ကဌများနှင့် အမှုဆောင်အဖွဲ့ဝင်များတက်ရောက်ကြည့်ရှုအားပေးကြသည်။

ဗိုလ်လုပြိုင်ပွဲ၌ အမျိုးသား(၆)ပေါက်တန်းအဆင့်ဗိုလ်လုပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကြရာ ရမှတ် (၁၁၉၉)မှတ် (၁၂၆၅)မှတ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအသင်းက အနိုင်ရဗိုလ်စွဲသွားသည်။

ဗိုလ်လုပွဲများအပြီးဆုပေးပွဲများကို ဆက်လက်ကျင်းပရာ အမျိုးသမီးအသင်းလိုက် (၄)ပေါက် တန်းအဆင့်ပြိုင်ပွဲ၌ တတိယဆုရ မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရ နေပြည်တော်နှင့် ပထမဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးလှဌေးနှင့် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က ဆုများအသီးသီးချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသားအသင်းလိုက်(၆)ပေါက်တန်းအဆင့်ပြိုင်ပွဲ၌ တတိယဆုရ မကွေးတိုင်းဒေသကြီးအသင်း အား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုငွေကျပ်(၁)သိန်းအား မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးလှဌေးမှပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ဒုတိယဆုရမန္တလေးဒေသကြီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ဆုငွေကျပ်(၂)သိန်းအား မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဝင်းတင့်မှ ချီးမြှင့်ပေးအပ်၍လည်းကောင်း၊ ပထမဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုနှင့် ​ဆုငွေကျပ်(၃)သိန်းအား မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးသန်းနိုင်မှလည်းကောင်း၊ (၄)ပေါက်တန်းအဆင့်အကောင်းဆုံးအမျိုးသမီးအားကစားသမားဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၂) ခိုင်သဇင်ဖြိုးမှလည်းကောင်း၊ အမျိုးသား(၆)ပေါက်တန်းအဆင့် အကောင်းဆုံးအားကစားသမားဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၂)ဇင်လင်းထက်တို့မှအသီးသီးရရှိကြပြီး အဆိုပါဆုများကို  မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးသက်လွင်မှ အကောင်းဆုံးဆုများကို ချီးမြှင့်ပေးသည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ (၄၂)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးရိုးရာခြင်းလုံးခတ်ပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဒိုင်းရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးအသင်းအား တံခွန်စိုက်ဒိုင်းဆုကြီးကိုချီးမြှင့်ပေး၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်းမှ (၄၂)ကြိမ်မြောက်တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲတွင် အမျိုးသား တံခွန်စိုက်ဒိုင်းဆုရ ရန်ကုန်တိုင်းဒေသကြီးအမျိုးသားအသင်းကို ပထမတံခွန်စိုက်ဒိုင်းဆုအား အသီးသီးချီးမြှင့်ပေးခဲ့သည်။

ယနေ့ကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲဆုပေးပွဲအပြီးတွင် ဖေဖော်ဝါရီလ (၂၉)ရက်နေ့မှ မတ်လ(၁)ရက်နေ့များတွင် (၅၅)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်ပြိုင်ပွဲများ ဆက်လက်ကျင်းပပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

 


back to top Eng