နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၉)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ပူးပေါင်းဖွင့်လှစ်သည့်ပိုက်ကျော်ခြင်းဒိုင်လူကြီးသင်တန်း(၁/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉းဝဝ)နာရီအချိန် တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ သင်တန်းသို့ တက်ရောက်မည့် သင်တန်းသား/ သင်တန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယညွန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုက်ကျော်ခြင်းအားကစားနည်းသည် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်တွေအများဆုံးရယူပေးနိုင်သော အားကစားနည်းတစ်ရပ်ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ပြည်သူများအကြား စိတ်ဝင်စားမှုပိုမိုရရှိလာသော အားကစားနည်းတစ်ရပ်လည်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သော ဒိုင်လူကြီးသင်တန်းသည် ပိုက်ကျော်ခြင်း အားကစားနည်းအတွက် မရှိမဖြစ်လိုအပ်သော သင်တန်းဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းပို့ချသော စည်းမျဉ်း/စည်းကမ်းများကို အသုံးချပြီး မိမိတို့ဒေသဆိုင်ရာပြိုင်ပွဲများတွင် အဆင့်အတန်းပြည့်မီစွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် မျိုးဆက်သစ်ဒိုင်လူကြီးများကို တစ်ဖက်တစ်လမ်းမှ မွေးထုတ်နိုင်ရေးအတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းပို့ချမည့်သူများကလည်း ယခုလက်ရှိ အပြည်ပြည်ဆိုင်ရာတွင် ကျင့်သုံးနေသည့် မူဝါဒများ၊ စည်းမျဉ်း/စည်းမျဉ်းများကို စနစ်တကျသင်ကြား ပေးစေလိုကြောင်း၊ သင်တန်းသား/သူများအနေဖြင့်လည်း သင်တန်းမှရရှိလာသော အကျိုးကျေးဇူးများကို လက်တွေ့ကျကျဆောင်ရွက်သွားစေလိုကြောင်း၊ ယခုသင်တန်းမှ တစ်ဆင့် အရည်းအသွေးပြည့်ဝသော အပြည်ပြည်ဆိုင်ရာဒိုင်လူကြီးကောင်းများဖြစ်အောင် ကြိုးစားသွားကြဖို့ ပြောကြားခဲ့သည်။
အဆိုပါ ပိုက်ကျော်ခြင်းဒိုင်လူကြီးသင်တန်း(၁/၂ဝ၁၈)တွင် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၃၉)ဦးတို့ တက်ရောက်သင်ကြားပြီး ဖေဖော်ဝါရီလ(၁၉)ရက်မှ (၂၃)ရက်နေ့အထိ သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။