skip to content

နေပြည်တော်၊ ဖေဖော်ဝါရီ (၂၈)ရက်။             

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်သည် ယနေ့နံနက်(၁၀)နာရီအချိန်တွင် ရုံးအမှတ်(၃၁) အစည်းအေဝေးခန်းမ၌ ၂၀၁၈ခုနှစ်၊ ကမ္ဘာ့အဆင့်သတ်မှတ်ရေး အာရှပတ်လည် မြားပစ်ပြိုင်ပွဲနှင့် IAAF Silver race - 2018 New Taipei City Wan Jin Shi မာရသွန်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့၀င်များအား တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားပါသည်။

ရှေးဦးစွာ ပြည်ပသို့ သွားရောက်မည့် မြန်မာအားကစားအဖွဲ့၀င်များမှ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်အား တစ်ဦးချင်းစီ မိတ်ဆက်ဂါရ၀ပြုကြပါ သည်။ 

ထို့နောက် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌဦးကျော်ဦးမှ ရှင်းလင်းတင်ပြ ရာတွင် ယခုသွားရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲသည် ထိုင်းနိုင်ငံတွင် မတ်လ (၂)ရက်နေ့မှ (၉)ရက်နေ့ အထိပြုလုပ်ကျင်းပမည့် ကမ္ဘာ့အဆင့်သတ်မှတ်ရေး အာရှပတ်လည် မြားပစ်ပြိုင်ပွဲသို့ event (၂)မျိုးဖြင့် ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ အာရှပြိုင်ပွဲ၀င်နိုင်ငံ (၃၀)ကျော်နှင့် ကစားသမား (၃၀၀)ကျော် ပါ၀င်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ အတွေ့အကြုံကောင်း များရရှိရန်နှင့် ပြိုင်ဘက်နိုင်ငံများ ၏ အားသာချက်/အားနည်းချက်များကို သုံးသပ်လေ့လာပြီး အောင်မြင်မှုများရရန်အတွက် ကြိုးစားယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌဦးစံထွန်းမှ ရှင်းလင်းတင်ပြ ရာတွင် ယခုသွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (တိုင်ပေ)တွင် မတ်လ  (၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်  IAAF Silver race - 2018 New Taipei City Wan Jin Shi မာရသွန်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ အောင်မြင်မှုများရရှိရန် ကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ လမ်းညွှန်အမှာစကား ပြောကြားရာတွင် ယခုသွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအနေဖြင့် ပြိုင်ပွဲများတွင် စိတ်ဓါတ်တက်ကြွစွာ နိုင်လိုစိတ်အပြည့်ဖြင့် မိမိတို့၏ အားကစားနည်းပုံရိပ်ကို မြှင့်တင်နိုင်ရန် ယှဉ်ပြိုင်စေလိုကြောင်း၊ နည်းပြများအနေဖြင့် မိမိတို့ ယှဉ်ပြိုင်မည့် ပြိုင်ဘက်နိုင်ငံအသင်း၏ အခြေအနေကို လေ့လာ၍ ကြိုတင်သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း၊ အားကစားစိတ်ဓါတ်ဆိုသည်မှာ မနိုင် နိုင်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်ထားရှိရန် လိုအပ်ပါကြောင်း၊ စည်း/စနစ်ကျရန်လိုအပ်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့နှင့် မိမိယှဉ်ပြိုင်သော အားကစားနည်းအပေါ် တိကျခိုင်မာသော စိတ်ဓါတ်များ၊ ခံယူချက်များရှိရန် လိုအပ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့ချုပ်များကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများတွင် မျိုးဆက်သစ်လူငယ်များကိုလည်း ထည့်သွင်းအသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင် လေ့ကျင့်သင်ကြားထားရှိရန် လိုအပ်ကြောင်းနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်ယှဉ်ပြိုင်ပြီးချိန်တွင် မိမိတို့အားကစားအဖွဲ့၏ အားနည်းချက်၊ အားသာချက်၊ အတွေ့အကြုံများကို အမြန်ဆုံး ပြန်လည်သုံးသပ်ပြင်ဆင်ပြီး အစဉ်အမြဲတိုးတက်၍ အောင်မြင်မှုများရရှိအောင် ကြိုးစား သွားကြရန် မှာကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


back to top Eng