နေပြည်တော်၊ မတ်လ(၃၀)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲ ဒုတိယနေ့နောက်ဆုံးရက်အဖြစ် ယမန်နေ့နံနက်(၈)နာရီအချိန်မှစတင်၍ နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်နိဂုံးချုပ်အမှာစကားပြောကြားပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စု၀န်ကြီးဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ်ကြီးများ၊ ၀န်ကြီးဌာနအသီးသီးမှတာ၀န်ရှိသူများ၊ စာတမ်းရှင်များ၊ သဘာပတိအဖြစ်ဆောင်ရွက်ကြမည့်ပုဂ္ဂိုလ် များ၊ အားကစားအဖွဲ့ချုပ်အသီးသီးမှဥက္ကဌများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ တိုင်း/ခရိုင်/ မြို့နယ်အားကစားမှူးများ၊ အားကစားဆပ်ကော်မတီ၀င်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဆွေးနွေးပွဲ နံနက်ပိုင်းအစီအစဉ်အရ သဘာပတိအဖြစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအဖွဲ့၀င် ဦးမြသိန်းမှ တာ၀န်ယူဆောင်ရွက်ကာ အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ စာတမ်းရှင်အဖြစ် မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်ကျော်လှိုင်မှ အားကစားမီဒီယာနှင့်အားကစားဈေးကွက်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်လွင်မှ အားကစားအဖွဲ့ချုပ်များ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့်လည်းကောင်း၊ တပ်မတော်ကိုယ်ခံပညာနှင့် အားကစားသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးသန်းလှိုင်မှ အားကစားနှင့် တပ်မတော်၏အခန်းကဏ္ဍခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ဦးစိုးသိန်းမှ မြန်မာအားကစားတိုးတက်ရေးပြိုင်ပွဲများပြုလုပ်ပေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြပြီး စာတမ်းရှင်များအား တက်ရောက်လာကြသူများမှ သိရှိ လိုသည်များ၊ ဆွေးနွေးလိုသည်များကို အသီးသီးမေးမြန်းဆွေးနွေးကြပြီး သဘာပတိမှ နိဂုံးချုပ် အမှာစကားပြောကြားကာ နံနက်ပိုင်းအခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
ဆက်လက်ပြီး နေ့လည်ပိုင်းဆွေးနွေးပွဲကို မွန်းလွဲပိုင်း(၁)နာရီခွဲတွင် ပြန်လည်ပြုလုပ်ရာ သဘာပတိအဖြစ် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်မှ တာ၀န်ယူဆောင်ရွက်ပါသည်။ စာတမ်းရှင်အဖြစ် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် အမှုဆောင် ဦးအောင်မြင်ထွန်း မှ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းအားကစားတိုးတက်မြင့်မားလာမှုအပေါ် မြန်မာ့မသန်စွမ်းအားကစား ဖွံ့ဖြိုးတိုးတက်ရေးဆန်းစစ်ချက်နှင့် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များ စာတမ်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါ်ရီရီ၀င်းမှ မြန်မာအမျိုး သမီးများ၏ အားကစားတွင် ပါ၀င်ဆောင်ရွက်မှုမြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးမောင်၀င်းမှ မျက်မှောက်မြန်မာ့ အားကစား အခြေအနေကို လေ့လာသုံးသပ်ခြင်းနှင့် မြန်မာ့အားကစားအဆင့်အတန်း ပြန်လည်ဦးမော့ရှင်သန်ရေးအတွက် ရေတို/ရေရှည်အစီအမံများကို အကြံပြုတင်ပြခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဘောလုံးဆပ်ကော်မတီဥက္ကဌ ဒေါ်မေမြတ်နွယ်မှ Youth Development Pilot Project Committee ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြပြီး ၄င်းဆွေးနွေးချက်များအား အခမ်းအနားတက်ရောက်လာကြသော ပြည်ထောင်စု၀န်ကြီးအပါအ၀င် အခြားအသိပညာရှင်၊ အတတ်ပညာရှင်များမှ ပါ၀င်ဆွေးနွေးကြပြီး ပြည်ထောင်စု၀န်ကြီးမှပါ၀င် ဆွေးနွေးရာတွင် အားကစားကဏ္ဍနှင့် အမျိုးသမီးများပိုမိုပါ၀င်လာစေရေးကိစ္စများ ဆွေးနွေး၍ ရွေးချယ်ချက်များကို ပညာရေး၀န်ကြီးရှိ အခြေခံပညာကျောင်းများသို့ (VCD)အခွေထုတ်၍ ဖြန့်ဝေနိုင်ရေးကိစ္စများ ပြည်သူများအားကစားပြုလုပ်၍ ယခုထက်ပိုမို ကျန်းမာကြံ့ခိုင်လာစေရေးနှင့် (Exercise is Medicine) လုပ်ငန်းများကိုလည်း ရန်ကုန်မြို့၌ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ဦးစီးဆောင်ရွက် မှုများ၌ မြို့နယ်အသီးသီးတွင် ဖြန့်ကျက်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ အားကစားဂုဏ်ပြုငွေ ချီးမြှင့်ရာတွင် မသန်စွမ်းအားကစားသမားများနှင့် အမျိုးသမီးအားကစားသမားများပါ အားလုံး သာတူညီမျှရရှိရေး ကိစ္စရပ်များနှင့်ပတ်သက်၍ မီဒီယာကဏ္ဍမြှင့်တင်ရေးကိစ္စရပ်များ စသည်တို့ကို ပါ၀င်ဆွေးနွေးပါသည်။ ထို့နောက် သဘာပတိမှ နိဂုံးချုပ်အမှာစကား ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးဒေါက်တာမြင့်ထွေးမှ နိဂုံးချုပ်အမှာစကား ပြောကြားရာ ယခုဆွေးနွေးပွဲတွင် စာတမ်းရှင်အသီးသီး၏ ဆွေးနွေးချက်များကို အထပ်ထပ်အခါခါ ပြန်လည် သုံးသပ်၍ မိမိတို့နိုင်ငံ၏လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် မဟာဗျူဟာ၊ နည်းဗျူဟာများကို စနစ်တကျရေးဆွဲ၍ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက် မည် ဖြစ်ပါကြောင်း၊ ပြည်သူများအားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာရေးတွင် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးဟူသော (Exercise is Medicine) လုပ်ငန်းများကို နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်အသီးသီးတွင် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်နေရေးကို တက်ရောက်လာသော တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုရေး၀န်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ ပူးပေါင်းပါ၀င်ဆောင်ရွက် ကြစေလိုကြောင်း၊ ထိုမှသာ ပြည်သူများအားကစားကို ပိုမိုစိတ်၀င်စားလာမည်ဖြစ်ပြီး ထူးချွန် ထက်မြက်သောအားကစားသမားများ ပိုမိုထွက်ပေါ်လာမည်ဖြစ်ပါကြောင်း၊ အားကစားကဏ္ဍကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် (Township Sport Development Program) မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့်ကျင်းပသော မြို့နယ်အားကစား ပြိုင်ပွဲများအား ထိထိရောက်ရောက်ပီပီပြင်ပြင် အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် လူမှုရေး၀န်ကြီးများမှ အထူးကြီးကြပ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၀န်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ထိုလုပ်ငန်းစဉ်သည် အောက်ခြေမြို့နယ်အဆင့်လုပ်ငန်းဖြစ်၍ တိုင်း/ခရိုင်အဆင့် ၀န်ထမ်းများမှ ကြီးကြပ်၍ ''မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့'' ကို အခြားသော ဌာနပေါင်းစုံဖြင့်ဖွဲ့စည်းကာ အောင်မြင်အောင်လုပ်ဆောင်သွားစေမည်ဖြစ်ကြောင်း၊ ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်များအား ယခုထက်ပိုမိုအရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများ၊ ကျောင်းသားအားကစားပွဲတော်များ ပြန်လည်ကျင်းပ နိုင်ရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများတွင် ခြင်းလုံး အားကစားနည်းကို လေ့ကျင့်သင်ကြားပေးရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အားကစား အထောက်အကူပြုပစ္စည်းများ နိုင်ငံခြားမှတင်သွင်းရာတွင် ကုန်ကျစရိတ်သက်သာမှု ရရှိစေရန် အခွန်ကင်းလွတ်ခွင့်ရရှိအောင် သက်ဆိုင်ရာ၀န်ကြီးဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိ ပါသည်။