ရန်ကုန်၊ ဧပြီလ(၁)ရက်။
မြန်မာ့ရိုးရာအားကစားနည်းများကိုဖော်ထုတ်ကာနိုင်ငံတကာ ရိုးရာအားကစားနည်းများနှင့် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်ရန်နှင့် နိုင်ငံတကာရိုးရာအားကစား သရုပ်ပြပွဲတော်များတွင် မြန်မာ့ရိုးရာအားကစားနည်း ပြသခွင့်ရရှိစေရေးအတွက် ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ၊အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးကြပ် စီစဉ်မှုဖြင့် မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်မှ ကျင်းပသော ၂၀၁၈ခုနှစ်၊ (၁၄)ကြိမ်မြောက်မြန်မာ့ရိုးရာ စွန်အလှ နှင့်စွန်ဖြတ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြင်းစီးအားကစားကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံရိုးရာအားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းလင်းသောင်း တက်ရောက်အဖွင့်အမှာစကားပြောကြားဖွင့်လှစ်ပေး ခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်နာယက မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များပြန်လည်ဖွဲ့စည်းရေးအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးအောင်ဒင်၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြန်မာ့ရိုးရာအားကစားအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌများနှင့်အမှုဆောင်များတက်ရောက်ကြသည်။
ယင်းပြိုင်ပွဲတွင်တစ်ဦးချင်းစွန်ဖြတ်ပြိုင်ပွဲနှင့်အသင်းလိုက်စွန်ဖြတ်ပြိုင်ပွဲ တို့ဖြစ်ပြီး ပြိုင်ပွဲ၀င်အသင်းပေါင်း(၂၂)သင်းနှင့် ပြိုင်ပွဲ၀င်အားကစားသမား(၁၄၂)ဦးတို့၀င်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ရာ ပြိုင်ပွဲကို ဧပြီလ(၇)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ တစ်ဦးချင်း စွန်ဖြတ်ပြိုင်ပွဲတွင်ပထမဆုကျပ်(၂)သိန်း၊ဒုတိယဆုကျပ်(၁သိန်း(၇)သောင်း)၊တတိယဆု ကျပ်(၁)သိန်း(၅)သောင်းနှင့် နှစ်သိမ့်ဆု(၅)ဆုကို တစ်ဆုလျှင် (၃၅၀၀၀/-)ကျပ် ကိုလည်းကောင်း၊ အသင်းလိုက်စွန်ဖြတ် ပြိုင်ပွဲတွင် ပထမဆုကျပ်(၃)သိန်း၊ ဒုတိယဆုကျပ်(၂)သိန်း(၅)သောင်း၊ တတိယဆုကျပ်(၂)သိန်း (၂)သောင်းနှင့်စတုတ္ထဆုကျပ်(၂)သိန်းတို့အား အသီးသီးချီးမြှင့်သွား မည်ဖြစ်ကြောင်းသိရှိရသည်။