ရန်ကုန်၊ မေလ(၁)ရက်။
၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲ များတွင် အောင်ပွဲရအားကစားသမားများအားဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂ဝ၁၈ခုနှစ် အားကစားပြိုင်ပွဲများအတွက် အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ဧပြီလ(၃ဝ)ရက်၊ ည(၆)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးအဖွဲ့ရုံး ဧည့်ခန်းမကြီး၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ဆပ်ကော်မတီနာယက ဒေါ်အေးအေးမြင့်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်း အားကစားဆပ်ကော်မတီများမှ ဥက္ကဌများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဆုရအားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြု အမှာစကား ပြောကြားပြီး အလေးမ၊ တိုက်ကွမ်ဒို၊ စစ်တုရင်၊ ကရာတေးဒို အားကစားနည်းများမှ ပေးအပ်သော တံခွန်စိုက် ဆုဖလားများအားလက်ခံပြီး ဂုဏ်ပြုဆုငွေများအား ပြန်လည်ပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဝင်းဆွေ က စားပွဲတင်တင်းနစ်၊ သေနတ်ပစ် ကစားနည်းများမှ ပေးအပ်သောတံခွန်စိုက်ဆုဖလားကို လက်ခံပြီး ဂုဏ်ပြုဆုငွေများအား ပြန်လည် ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်က ရေကူး၊ ဝူရှူး၊ ကြက်တောင် ကစားနည်းများမှ ပေးအပ်သောတံခွန်စိုက်ဆုဖလားကို လက်ခံပြီး ဂုဏ်ပြုဆုငွေများအား ပြန်လည် ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက စက်ဘီး၊ ဟော်ကီ၊ ပိုက်ကျော်ခြင်းကစားနည်းများမှ ပေးအပ်သောတံခွန်စိုက်ဆုဖလားကို လက်ခံပြီး ဂုဏ်ပြုဆုငွေများအား ပြန်လည်ပေးအပ် ချီးမြှင့်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးဆပ်ကော်မတီနာယက ဒေါ်အေးအေးမြင့်က အေရိုးဗစ်နှင့်အမျိုးသမီးဘောလုံးအားကစားနည်းများမှ ပေးအပ်သော တံခွန်စိုက်ဆုဖလားကို လက်ခံပြီး ဂုဏ်ပြုဆုငွေများ အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ၂ဝ၁၈ခုနှစ် အားကစားပြိုင်ပွဲများအတွက် ရန်ကုန်တိုင်းဒေသကြီးအားကစားအဖွဲ့များသို့ အောင်နိုင်ရေး အလံပေးအပ်ကာ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုညစာ စားပွဲဖြင့်တည်းခံဧည့်ခံခဲ့ကြောင်းသိရှိရသည်။