skip to content
ကွာလာလမ်ပူ၊ သြဂုတ်လ (၂၉)ရက်။
 
မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ နေသည့် ၂ဝ၁၇ခုနှစ် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို ကွာလာလမ်ပူ မြို့ရှိ အားကစားကွင်း၊ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့်   မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး  အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်တို့မှ လိုက်လံကြည့်ရှုအားပေးပါသည်။
 
ရှေးဦးစွာ MITEC Hall (3)  ၌ကျင်းပပြုလုပ်သော အလေးမပြိုင်ပွဲတွင် မြန်မာမှ ကျော်စိုးဝင်း ဝင်ရောက်ယှဉ်ပြိုင်ရာ အမြန်မတွင် (၁၃၅)ကီလိုနှင့် (၂)ဆင့်မတွင် (၁၇ဝ)ကီလို အား(၃)ကြိမ်စလုံး အောင်မြင်မှုမရှိသဖြင့် ရှုံးနိမ့်ခဲ့ရပါသည်။ ဆက်လက်၍ KICC Convention Center Hall (1)  ၌ကျင်းပပြုလုပ်သော တိုက်ကွမ်ဒိုပြိုင်ပွဲတွင် အမျိုးသား(၆၃)ကီလိုတန်းတွင် မြန်မာမှ အောင်ကျော်ကျော်နှင့် အင်ဒိုနီးရှားအားကစားသမားတို့ ယှဉ်ပြိုင်ကစားကြရာ (၃၈)မှတ်(၁၈)မှတ်ဖြင့် မြန်မာမှ ရှုံးနိမ့်ခဲ့ပါသည်။ ဆက်လက်၍ ဆလာရန်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်သော အမျိုးသားဘောလုံး တတိယလုပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့သည် မြန်မာစံတော်ချိန် နေ့လည်(၃)နာရီအချိန်တွင် ယှဉ်ပြိုင်ကစားကြရာ အင်ဒိုနီးရှားအသင်းမှ မြန်မာအသင်းကို (၃)ဂိုး၊ (၁)ဂိုး ဖြင့် အနိုင်ရရှိသွားပါသည်။
 
 
ဆက်လက်၍ National Hockey Stadium ၌ ကျင်းပပြုလုပ်သော အမျိုးသားဟော်ကီ ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အိမ်ရှင်မလေးရှားအသင်း တို့ ယှဉ်ပြိုင်ကစားကြရာ မလေးရှားအသင်းမှ (၁၄)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး  မြန်မာအသင်းမှ ဒုတိယငွေတံဆိပ်ဆုသာ ဆွတ်ခူးရရှိခဲ့ပါသည်။ မနက်ဖြန် သြဂုတ်(၃ဝ)ရက်နေ့ ပွဲစဉ်အဖြစ် မြန်မာအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းမှာ အလေးမပြိုင်ပွဲတစ်ခုသာ မနက်ပိုင်းအချိန်တွင် ကျင်းပမည်ဖြစ်ပြီး၊ ပိတ်ပွဲအခမ်းအနားကို   National Stadium Kl Sport City Bukit Jalil အားကစားကွင်း၌ မြန်မာစံတော်ချိန် ည(၇)နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။
 
 
ယနေ့အထိ မြန်မာအားကစားအဖွဲ့ ရရှိထားသော ဆုတံဆိပ်များမှာ ရွှေ(၇)ခု၊ ငွေ(၁ဝ)ခု၊ ကြေး(၁၉)ခု စုစုပေါင်း (၃၆)ခု ရရှိထားကြောင်း သတင်းရရှိပါသည်။
 

back to top Eng