skip to content

နေပြည်တော်၊ မေ(၂၄)ရက်။       

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များဖြစ်ပေါ်လာစေရေး၊ ဘော်လီဘောအားကစားနည်းကို ယခုထက် ပိုမိုတိုးတက် ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောပြိုင်ပွဲ အမျိုးသား/အမျိုးသမီးအုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့ နံနက်(၈:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ စတင်ယှဉ်ပြိုင်ကစားလျက်ရှိ ပါသည်။

ရှေးဦစွာ အမျိုးသားအုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ(၃-၂)ပွဲ ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ ကယားပြည်နယ် အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ရန်ကုန်တိုင်းဒေသကြီး အသင်းမှ (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

ဆက်လက်ပြီး အမျိုးသမီး အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် တနင်္သာရီတိုင်းဒေသကြီးအသင်း နှင့်မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိသွားပါသည်။ ထို့နောက် ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်း၊ ကယား ပြည်နယ်အသင်းနှင့် နေပြည်တော်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရှိရ ပါသည်။

အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ များကို    (၂၂-၅-၂ဝ၁၈)ရက်နေ့မှ (၃၁-၅-၂ဝ၁၈)ရက်နေ့အထိ နေ့စဉ်နံနက်(၈)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။


back to top Eng