နေပြည်တော်၊ မေ(၂၉)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များဖြစ်ပေါ်လာစေရေး၊ ဘော်လီဘောအားကစားနည်းကို ယခုထက် ပိုမိုတိုးတက် ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောပြိုင်ပွဲ အမျိုးသား/အမျိုးသမီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ နံနက်(၈:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ စတင်ယှဉ်ပြိုင်ကစားလျက်ရှိ ပါသည်။
ရှေးဦစွာ အမျိုးသားဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားရာ နေပြည်တော်အသင်းမှ ရမှတ် (၂၄-၂၆)၊ (၂၅-၁၈)၊ (၂၅-၁၇)၊ (၂၇-၂၅)မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ ရမှတ် (၂၅-၂၁)၊ (၂၅-၂ဝ)၊ (၂၅-၂ဝ) မှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
ဆက်လက်ပြီး အမျိုးသမီးဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ (၁၈-၂၅)၊ (၂၂-၂၅)၊ (၂၅-၁၈)၊ (၂၅-၂၃)၊ (၁၅-၉) မှတ်ဖြင့်လည်းကောင်း၊ ကယားပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားရာ ရှမ်းပြည်နယ်အသင်းမှ (၂၅-၁၈)၊ (၂၅-၁၇) ၊ (၂၅-၁၂)မှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
အဆိုပါ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘောပြိုင်ပွဲ အမျိုးသမီး ဗိုလ်လုပွဲ ပွဲစဉ်ကို (၃ဝ.၅.၂ဝ၁၈)ရက် နံနက်(၈)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသောမိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။