နေပြည်တော်၊ ဇွန်(၅)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဗိုဗီနမ်နည်းပြနှင့်ဒိုင်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:ဝဝ)နာရီအချိန်တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်း အတွင်းဝန်ဦးကျော်ဦး၊ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ် ဒုတိယဥက္ကဌနှင့်အမှုဆောင်များ၊ အရှေ့တောင်အာရှ ဗိုဗီနမ်အဖွဲ့ချုပ်မှဒိုင်လူကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ သင်တန်းတက်ရောက် ကြမည့် သင်တန်းသား/ သင်တန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါ သည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ဗိုဗီနမ်အားကစားနည်းတွင် လက်ရှိပြောင်းလဲနေသော နည်းစနစ်များ၊ အမှတ်ပေးစည်းမျဉ်းများကို မြန်မာနိုင်ငံမှ ဒိုင်လူကြီးများ၊ ကစားသမားများ သိရှိကျွမ်းဝင်ပြီး ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန်၊ အရည်အသွေးပြည့်ဝသော ဒိုင်လူကြီးနှင့်နည်းပြများ ထပ်မံပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် ဗီယက်နမ်နိုင်ငံမှ အပြည်ပြည်ဆိုင်ရာနည်းပြများ က သင်တန်းပို့ချသွားမှာဖြစ်ပါကြောင်း၊ ပြောင်းလဲထားသော ပြိုင်ပွဲဝင်နည်းစနစ်များကို အသေးစိပ်ပို့ချပေး မှာဖြစ်ကြောင်း၊ သင်တန်းသို့ တက်ရောက်ကြမည့် ဒိုင်လူကြီးများ၊ နည်းပြများအနေနှင့်လည်း သင်တန်းမှ ပို့ချပေးသော ဥပဒေများ၊ နည်းစနစ်များကို အထူးလေ့လာမှတ်သားသင်ယူကြရန် လိုအပ်ကြောင်း၊ သင်တန်းပြီးမြောက်လျှင်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ပြန်လည်အသုံးချပြီး နိုင်ငံတော်အတွက် ဂုဏ်ဆောင်နိုင်သော မျိုးဆက်သစ်အားကစားသမားကောင်းများ မွေးထုတ်ပေးရန် လိုအပ်ပါကြောင်း၊ ပြည်ပနည်းပြဆရာများ သင်ကြားပို့ချပေးနေသော သင်တန်းဖြစ်သောကြောင့် သင်တန်း သားများအနေဖြင့် အလေးအနက်ထားပြီး သင်တန်းကာလပြီးဆုံးသည်အထိ စည်းကမ်းရှိရှိဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ သင်ခန်းစာများကိုလည်း အသေးစိပ်လေ့လာမှတ်သားပြီး တန်ဖိုးရှိသောသင်တန်းတစ်ခုဖြစ်ရန် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ဆက်လက်ပြီး အရှေ့တောင်အာရှဗိုဗီနမ်အဖွဲ့ချုပ်မှ မစ္စတာ Nguyen Binh Dinh မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးနှင့် မြန်မာနိုင်ငံဗိုဗီနမ် အဖွဲ့ချုပ်ဒုတိယဥက္ကဌဦးမျိုးနောင်တို့အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ အဆိုပါ ဗိုဗီနမ်နည်းပြနှင့်ဒိုင်မွမ်းမံသင်တန်းကို သင်တန်းသား(၂၉)ဦး၊ သင်တန်းသူ(၂၁)ဦး၊ စုစုပေါင်း (၅ဝ)ဦးဖြင့် (၅.၆.၂ဝ၁၈)မှ (၈.၆.၂ဝ၁၈)ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။