နေပြည်တော်၊ ဇွန်(၈)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာနမှ ဗိုဗီနမ်နည်းပြနှင့်ဒိုင်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၄:ဝဝ)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ် ဒုတိယဥက္ကဌနှင့် အမှုဆောင်၊ အရှေ့တောင်အာရှဗိုဗီနမ် အဖွဲ့ချုပ်မှ မစ္စတာ Nguyen Binh Dinh? မစ္စတာ Nguyen Hong Qui နှင့်နည်းပြအဖွဲ့များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းသို့ တက်ရောက်ခဲ့သည့် သင်တန်းသား/သင်တန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မား စေရေးအတွက် အဖက်ဖက်မှ ဆောင်ရွက်လျက်ရှိရာ တဖက်တလှမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းမှာ ဗီယက်နမ်နိုင်ငံမှ အပြည်ပြည်ဆိုင်ရာနည်းပြတွေအနေနှင့် ယခုနှစ်မှစတင်ပြီး ပြောင်းလဲထားသည့် စနစ်သစ်ဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် လာရောက် ပို့ချပေးခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲအမျိုးအစားအလိုက် ပြောင်းလဲသည့်နည်းစနစ်ကို ကောင်းမွန်စွာ လေ့လာသိရှိ သွားမည်ဟု ယုံကြည်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာဒိုင်လူကြီးတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဒိုင်လူကြီးများ၊ အဖွဲ့ချုပ် ပြန်လည်ဆင့်ပွားထားသည့် ပြည်တွင်း ဒိုင်လူကြီးတွေအပြင် ပြည်နယ်/တိုင်းဒေသကြီး နည်းပြများ၊ ကစားသမားစုစုပေါင်း(၅ဝ)ကျော် တက်ရောက်ကြသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့် အရှေ့တောင်အာရှ ဗိုဗီနမ်ပြိုင်ပွဲနှင့် ဒီဇင်ဘာလမှာလည်း (၁၉)ကြိမ်မြောက်အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစား ပြိုင်ပွဲများတွင် ဗိုဗီနမ်အားကစားနည်းကို အောင်မြင်စွာကျင်းပနိုင်ဖို့ ကျရာအခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်ပေးကြဖို့နှင့် အဖွဲ့ချုပ်အနေနှင့်လည်း အားသာချက်/အားနည်းချက်များကို စနစ်တကျပြင်ဆင်ဆောင်ရွက်ထားဖို့ လိုအပ်ပါကြောင်း၊ ယခုသင်တန်းကို အောင်မြင်ပြီးမြောက်နိုင် ဖို့အတွက်စီစဉ်ဆောင်ရွက်ပေးကြသည့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အရှေ့တောင်အာရှဗိုဗီနမ်အဖွဲ့ချုပ်မှ မစ္စတာ Nguyen Binh Dinh? မစ္စတာ Nguyen Hong Qui နှင့်နည်းပြအဖွဲ့များကို ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းကိုအခက်အခဲတွေကြားက အချိန်မီတက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးကဒိုင်လူကြီး၊ နည်းပြများကိုလည်း ကျေးဇူးတင်ပါကြောင်းနှင့် ဗိုဗီနမ်အားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ကိုထပ်ဆင့်မြှင့်တင်နိုင် ကြပါစေကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ သင်တန်သားကိုယ်စားလှယ်တစ်ဦးအား သင်တန်းဆင်းလက်မှတ် ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့် ဗီယက်နမ်နည်းပြတို့မှတစ်ဦးနှင့်တစ်ဦး အမှတ်တရဂါဝရပြုလက်ဆောင်များပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းကို (၅.၆.၂ဝ၁၈)မှ(၈.၆.၂ဝ၁၈)အထိ သင်တန်းသား/သူ (၅၁)ဦး တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။