နေပြည်တော်၊ ဇူလိုင်လ(၂၁)ရက်။
အာရှဘော်လီဘောအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပသော (၂ဝ)ကြိမ်မြောက် အရှေ့တောင်အာရှ အသက်(၂ဝ)နှစ် အောက် (အမျိုးသား) ဘော်လီဘောပြိုင်ပွဲနှင့် အာရှကလပ် (အမျိုးသား) ဘော်လီဘောပြိုင်ပွဲများ အောင်မြင်စွာကျင်းပရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁ဝ:ဝဝ)နာရီအချိန်တွင် နေပြည်တော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်အရာရှိကြီးများနှင့် အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားရာတွင် အရှေ့တောင်အာရှ အသက်(၂ဝ)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲကို (၁၂.၇.၂ဝ၁၈) ရက်နေ့မှ (၁၆.၇.၂ဝ၁၈) ရက်နေ့အထိနှင့် အာရှကလပ် အမျိုးသားဘော်လီဘောပြိုင်ပွဲကို (၃ဝ.၇.၂ဝ၁၈) ရက်နေ့မှ (၆.၈.၂ဝ၁၈)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၊ (C) ရုံတို့တွင် ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပရခြင်းမှာ အရှေ့တောင်အာရှ၊ အာရှကလပ် အမျိုးသားဘော်လီဘောပြိုင်ပွဲများ အောင်မြင်လာစေရန်၊ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ လူငယ်များ ဘော်လီဘောအားကစားနည်းကို စိတ်ပါဝင်စားလာစေရန်၊ ထူးချွန်ထက်မြက်၍ နိုင်ငံ့ဂုဏ်ဆောင် ဘော်လီဘောမျိုးဆက်သစ် အားကစားသမား များ ပေါ်ထွက်လာစေရန် အဓိကရည်ရွယ်ရခြင်းဖြစ်ပါကြောင်း၊ ယခု ပြိုင်ပွဲသို့ အိမ်ရှင် မြန်မာနိုင်ငံ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့အပြင် ချစ်ကြည်ရေး လက်ရည်စမ်း ကစားရန် နယူးဇီလန်၊ သြစတြေးလျ၊ ကာဇက်စတန်၊ မော်လဒိုက်နှင့် ဟောင်ကောင် အသင်းများကိုလည်း ဖိတ်ကြားထားပါကြောင်း၊ အာရှကလပ် အမျိုးသား ဘော်လီဘောပြိုင်ပွဲကိုလည်း အိမ်ရှင် မြန်မာနိုင်ငံမှ သြစတြေးလျ၊ တရုတ်၊ တရုတ်(တိုင်ပေ)၊ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဂျပန်၊ ဟောင်ကောင်၊ အီရန်၊ အီရတ်၊ ကာဇက်စတန်၊ ဂျော်ဒန်၊ ကာတာ၊ တာ့ခ်မင်နစ္စတန် နိုင်ငံများအား ဖိတ်ကြားထားရှိရာ ယနေ့အချိန်ထိ Entry By Name (၁၆) သင်း လက်ခံရရှိထားပြီး ဖြစ်ပါကြောင်း၊ ပြိုင်ပွဲကာလအတွင်း ဒိုင်/ဂျူရီများ၊ အားကစားသမားများ တည်းခိုနေထိုင်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ ပို့ဆောင်/ ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ အားကစားပြိုင်ပွဲအားSports Channel များတွင် တိုက်ရိုက် LIVE ထုတ်လွှင့်နိုင်ရေးနှင့် နေ့စဉ်ထုတ်သတင်းစာများတွင် ပါဝင်နိုင်ရေး သက်ဆိုင်ရာကိစ္စရပ်များတွင် အဘက်ဘက်မှလစ်ဟင်းမှု မရှိစေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများအား လက်ခံကျင်းပနိုင်ခြင်းမှာ နိုင်ငံတော်၏ ပုံရိပ်တစ်ခု ဖြစ်သည့်အတွက် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်သွားပေးဖို့ လိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ဘော်လီဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးသိန်းဝင်းမှ ဤပြိုင်ပွဲကြီးကို လက်ခံကျင်းပရခြင်းမှာ ဘော်လီဘောအားကစားနည်းကို ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်စေရန် အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများမှ အားကစား သမားများ နိုင်ငံခြားပြိုင်ပွဲ အတွေ့အကြုံရစေရန်၊ လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်၊ အာရှကလပ်ပြိုင်ပွဲတွင် အနိုင်ရရှိသော မျိုးဆက်သစ် လူငယ်များမှလည်း World Men Club Championship တွင် ဝင်ရောက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲကြီးအား အား/ကာသိပ္ပံကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများနှင့် ပြည်သူများ လာရောက် အားပေးကြရန်၊ ယခု ပြိုင်ပွဲအား တိုက်ရိုက်ကြည့်ရှုနိုင်ရန် MRTV နှင့် Sky Net Channel များတွင် ဆက်သွယ်ထားရှိမှုများ၊ ပြိုင်ပွဲကျင်းပရန် ကြိုတင် စီစဉ် ထားရှိမှုများအား ရှင်းလင်းပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသော ဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ မိမိတို့ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးတင်ပြရာ အားကစား ကွင်း/ရုံများ၊ လေ့ကျင့်ရေးကွင်းများအား ပြိုင်ပွဲကာလအမီ ပြုပြင်ဆောင်ရွက်သွားရန် ပြောကြား၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့ချုပ်တာဝန်ရှိသူများမှ လိုအပ်သည်များကို အကြံပြုဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။