ရန်ကုန်၊ ဇွန်လ( ၂၁)ရက်။
နိုင်ငံတော်ရဲ့ဦးတည်ချက် တစ်ရပ်ဖြစ်တဲ့တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုတဲ့ အမျိုးသားရေးဦးတည်ချက်ကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်နဲ့ အမျိုးသမီးထု ကျန်းမာကြံ့ခိုင်၍ စွမ်းရည်တိုးတက်မြင့်မားရေးအတွက် ရည်ရွယ်၍ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ၂ဝ၁၈ခုနှစ်၊ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးနည်းစနစ်၊ နည်းပြ/ဒိုင်(မွမ်းမံ)နှင့် Myanmar Fitness Dance သင်တန်း ဆင်းပွဲကို ယနေ့နေ့လည်(၂)နာရီက ရန်ကုန်မြို့ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲသို့ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုး၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်လေး၊ ဒုတိယဥက္ကဌများနှင့် အမှုဆောင်အဖွဲ့ဝင်များ ၊ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်လေးက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်ရေးကို နိုင်ငံတော်က အလေးထားဆောင်ရွက်ရာမှာ ကိုယ်ကာယကြံ့ခိုင်ပြီး ဗလငါးတန်ဖွံ့ဖြိုးသော ဘတ်စုံ ထူးချွန်သည့် အားကစားလူရည်ချွန်များ ရွေးချယ်ဖော်ထုတ်ရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး လုပ်ငန်းများ အဓိကကျပါကြောင်း၊ မြို့ပြနှင့်ကျေးလက်ဒေသမကျန် မြန်မာနိုင်ငံတစ်ဝှမ်းလုံး လူတစ်စုအားကစားမှ လူထုအားကစားအဖြစ် ဖော်ဆောင်နိုင်မှသာ ကျန်းမာကြံ့ခိုင်သော လူမျိုးအဖြစ် ကမ္ဘာတည်သ၍ မြန်မာဆိုတာတည်ရှိနေတာဖြစ်ပါကြောင်း ၊ ယခုသင်တန်း တက်ရောက်သွားကြတဲ့ ဒိုင်များအနေနဲ့လည်း နှစ်စဉ်ကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(Aerobic)ပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများမှာ ဘက်လိုက်မှုကင်းပြီ တိတိကျကျမှန်ကန်စွာ သုံးသပ် ဆုံးဖြတ်နိုင်သည့် သမာသမတ်ကျသော ဒိုင်လူကြီးအဖြစ် ဆောင်ရွက်သွားကြရမှာဖြစ်သလို နည်းပြအနေဖြင့်လည်း မိမိတာဝန်ကျရာဒေသများတွင် အားကစားသမားများအား အမှတ်ပေးစည်းမျဉ်းနှင့်အညီ ကစားကွက်များကို သေချာသင်ကြား ပြသ၍ ပြိုင်ပွဲဝင်နိုင်ရေးကို အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုတက်ရောက် သင်ကြားသည့် သင်တန်းသူများအနေဖြင့် နိုင်ငံတော်ရဲ့အားကစားအဆင့်အတန်း တိုးတက် မြင့်မားရေးကို အထောက်အကူပြုပြီး အားကစားအားလုံးရဲ့ အခြေခံဖြစ်တဲ့ အေရိုးဗစ် အားကစားနည်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိုမိုတိုးတက်ပြန့်ပွားလာအောင်မိမိတို့ရဲ့ တာဝန်ကျရာ ဒေသများမှာ ကျယ်ကျယ်ပြန့်ပြန့်ပြန်လည်ပို့ချ လှုပ်ရှားဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်လေးက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ထူးချွန်ဆုရရှိသူများအား ဆုများကိုပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါ်အေးအေးညွန့်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဒေါ်ရီရီဝင်းက Myanmar Fitness Dance ပြိုင်ပွဲတွင် ဆုရရှိသောအဖွဲ့အား ဆုများပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါ်ချိုချိုလွင်က သင်တန်းနည်းပြနှင့် ကြီးကြပ် များအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး သင်တန်းဆင်း သင်တန်းသူများမှ သရုပ်ပြသခဲ့ကြောင်း သိရှိရသည်။