skip to content

ရန်ကုန်၊ ဇူလိုင်လ( ၂၉ )ရက်။ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူ ဦးစိုးအောင်၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်း၊ ဒုတိယဥက္ကဌများ၊ အမှုဆောင်များနှင့် တာဝန်ရှိသူတို့က ဇူလိုင်လ(၂၈)ရက်နေ့၊ ညနေ(၃)နာရီက အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိပြီး လှေလှော်အားကစားသမားများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က မိမိသည် အားကစားသမား ဘဝမှ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ရာ အဆင့်ဆင့်ဖြတ်သန်းကြိုးစားခဲ့ရပြီး ယခုဒုတိယဝန်ကြီး တာဝန်ကိုထမ်းဆောင်ခွင့် ရရှိလာသောကြောင့် အားကစားသမားများအနေနဲ့လည်း ကြိုးစားရင်းကြိုးစားသလောက် အောင်မြင်ဖြစ်ထွန်းမယ်ဆိုတာကို တိုက်တွန်းပြေကြားလိုပါကြောင်း၊ အားကစားသမားများ၏လိုအပ်သည်များကို အတက်နိုင်ဆုံးပံ့ပိုးဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံသို့လာရောက်ပြီး မြန်မာ့လက်ရွေးစင်ရိုးရာ လှေလှော်အသင်းနှင့် ပူးတွဲလေ့ကျင့်လျက်ရှိသော စင်ကာပူရိုးရာ လှေလှော် အသင်းကိုလည်း တွေ့ဆုံနှုတ်ဆက်ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် ဇူလိုင်လ(၂၉)ရက်နေ့ နံနက်(၉)နာရီက အင်းယားကန်ရှိ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် သို့ရောက်ရှိရာ မြန်မာနိုင်ငံရွက်လှေ ဒုတိယဥက္ကဌ ဦးဘုန်းကျော်မိုးမြင့် ၊ ဒုတိယဥက္ကဌ ဦးမောင်ဝင်း၊ နည်းပြနှင့်အမှုဆောင် များတွေ့ဆုံကာ ဒုတိယဥက္ကဌ ဦးဘုန်းကျော်မိုးမြင့်က လာမည့် နိုဝင်ဘာလ(၁ဝ)ရက်နေ့မှ (၁၇)ရက်နေ့အထိ ငွေဆောင်ကမ်းခြေ၌ ကျင်းပပြုလုပ်မည့်  2018 IODA Optimist Asian  and  Oceanian  Championship   ပြိုင်ပွဲနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားမှုများကို တင်ပြခဲ့ရာ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် က လက်ခံဆွေးနွေးညှိနှိုင်းခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ကစားသမားများအား နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်းသိရှိရသည်။


back to top Eng