နေပြည်တော်၊သြဂုတ်လ(၆)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အာရှဘော်လီဘောအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂ဝ၁၈ခုနှစ် အာရှကလပ် အမျိုးသားဘော်လီဘော (2018 Asian Men's Club Volleyball Championship) ပြိုင်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ၌ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အာရှဘော်လီဘောအဖွဲ့ချုပ် President of ABC Referee Committee Mr.Songsak Chareonpong နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းမြင့်နိုင်နှင့် တာဝန်ရှိသူများနှင့် ဘော်လီဘောအားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူ များတက်ရောက် ကြည့်ရှု့အားပေး ခဲ့ပါသည်။
ယမန်နေ့ ပြိုင်ပွဲတွင် အဆင့် (၇-၈) ပွဲစဉ်အဖြစ် နံနက် (၁၁:ဝဝ)နာရီအချိန်တွင် သီရိလင်္ကာ LANKA LIONS အသင်း မှ တရုတ်(တိုင်ပေ) ကလပ် LONG POWER အသင်းကို (၂၅-၂၃)၊ (၂၅-၂၂)၊ (၂၆-၂၄) ဖြင့် လည်းကောင်း၊ အဆင့် (၅-၆) ပွဲစဉ်အဖြစ် နေ့လည် (၁၃:၃ဝ) နာရီ အချိန်တွင် ယှဉ်ပြိုင်ကစားကြရာ ဂျပန်ကလပ် TORAY ARROWS အသင်းမှ ထိုင်းကလပ် နာခွန်ရတ်ချန်စီမာ အသင်းကို (၂၅-၂၁)၊ (၂၂-၂၅)၊ (၂၅-၂၁)၊ (၂၅-၁၈) ဖြင့်လည်းကောင်း၊ တတိယလုပွဲစဉ်အဖြစ် ညနေ(၄:ဝဝ)နာရီ အချိန်တွင် ပါကစ္စတန်ကလပ် WAPDA အသင်းမှ ဗီယက်နမ်ကလပ် SANEST KHANH HOA အသင်း ကို (၁၉-၂၅)၊ (၂၅-၂၁)၊ (၁၆-၂၅)၊ (၂၅-၂ဝ)၊ (၁၈-၁၆)ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲစဉ်အဖြစ် ညနေ (၆:၃ဝ) အချိန်တွင် အီရန်ကလပ် KHATAM ARDAKAN အသင်းမှ ကာဇက်စတန်ကလပ် ATYRAU VC အသင်းကို (၂၉-၂၇)၊ (၂၅-၂၃)၊ (၂၅-၂၂)ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပထမ အကောင်းဆုံးအစွန်ရိုက် ဆုရရှိသော အီရန်ကလပ်အသင်းမှ AMIRI Hossein (N0.11)၊ ဒုတိယ အကောင်းဆုံးအစွန်ရိုက် ဆုရရှိသော ကာဇက်စတန်ကလပ်အသင်းမှ Netalin Aibat(N0.7)၊ ပထမ အလယ်ပိတ်ဆို့မှုအကောင်းဆုံးဆုရရှိသော အီရန်ကလပ်အသင်းမှ Gholami Adel (N0.9)၊ ဒုတိယ အလယ်ပိတ်ဆို့မှုအကောင်းဆုံးဆုရရှိသော ဗီယက်နမ်ကလပ်အသင်းမှ Nguyen Dinh Nhu (N0.12)၊ စွယ်စုံရိုက်အကောင်းဆုံးဆုရရှိသော ပါကစ္စတန်ကလပ်အသင်းမှ KHAN Aimal (N0.8)၊ ပင့်ထောင်အကောင်းဆုံးဆုရရှိသော ကာဇက်စတန်ကလပ်အသင်းမှ Khaldrolin Roman (N0.2)၊ လီဗရို အကောင်းဆုံးဆုရရှိသော အီရန်ကလပ်အသင်းမှ Yousefi Mojtaba (N0.17)နှင့် တန်ဖိုးအရှိဆုံးအားကစားသမားဆုရရှိသော အီရန်ကလပ်အသင်းမှ Zarini Hamzeh (N0.7) တို့အား မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းမြင့်နိုင်မှ လည်းကောင်း၊ တတိယဆုရရှိသွားသော ပါကစ္စတန်ကလပ် WAPDA အသင်းအား အာရှဘော်လီဘောအဖွဲ့ချုပ် Mr.Songsak Chareonpong မှ လည်းကောင်း၊ ဒုတိယဆုရရှိသွားသော ကာဇက်စတန်ကလပ် ATYRAU VC အသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း၊ ပထမဆုရရှိသွားသော အီရန်ကလပ် KHATAM ARDAKAN အသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ လည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။