skip to content

နေပြည်တော်၊ သြဂုတ်(၉)ရက်။              

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အာရှဗိုဗီနမ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့်၂ဝ၁၈ခုနှစ် (၅)ကြိမ်မြောက်၊ အရှေ့တောင်အာရှ ဗိုဗီနမ်ချန်ပီယံရှစ် (5th South East Asian Vovinam Championship 2018)  ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက်(၉:ဝဝ)နာရီအချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ တက်ရောက်အမှာစကားပြောကြား၍ ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီဥက္ကဌ ဒေါက်တာဇော်လင်းထွဋ်နှင့်အဖွဲ့ဝင်များ၊ ကမ္ဘာ့ဗိုဗီနမ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ အိန္ဒိယနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်ဥက္ကဌ  Mr. VISHNU SAHAI ? မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်နာယက ဦးမြသိန်း၊ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမျိုးနောင်နှင့် အဖွဲ့ဝင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူနည်းပြနှင့်   အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက် နေရာယူပြီးနောက်      မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲအား မောင်းတီး၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

ယင်းနောက် မြန်မာနိုင်ငံဗိုဗီနမ် အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမျိုးနောင်မှ ကြိုဆိုနှုတ်ခွန်း ဆက်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကမ္ဘာ့ ဗိုဗီနမ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ အိန္ဒိယနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်ဥက္ကဌ  Mr. VISHNU SAHAI မှ ပြိုင်ပွဲလက်ခံကျင်းပခြင်း အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာမြလေးစိန်အား  အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပါသည်။       

အလှူရှင် ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေမှ ပြိုင်ပွဲဝင်အားကစားသမားများအတွက် အားဖြည့် ဆန်အိတ်(၁၁)အိတ်၊ အားဖြည့်အချိုရည်နှင့် အလှူငွေ (၁ဝ)သိန်းအား ပေးအပ်လှူဒါန်းခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာမြလေးစိန်မှ ပြိုင်ပွဲဝင်အားကစားသမားများ ကိုယ်စားလက်ခံခဲ့ပါသည်။

ကမ္ဘာ့ဗိုဗီနမ်အဖွဲ့ချုပ် အတွင်းရေးမှူး မှ ပြိုင်ပွဲလက်ခံကျင်းပခြင်း အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်အား အမှတ်တရ လက်ဆောင်ပစ္စည်း  ပေးအပ်ခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဌ ဒေါက်တာဇော်လင်းထွဋ်နှင့် အဖွဲ့ဝင်များ၊ ကမ္ဘာ့ဗိုဗီနမ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ အိန္ဒိယနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်ဥက္ကဌ  Mr. VISHNU SAHAI ? မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်နာယက ဦးမြသိန်း၊ မြန်မာနိုင်ငံဗိုဗီနမ် အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမျိုးနောင်နှင့် အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲဝင်ဗီယက်နမ်ဗိုဗီနမ်အသင်းမှ ပြိုင်ပွဲဝင်အသင်းများမှ သရုပ်ပြအကဖြင့် ဖျော်ဖြေခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားအပြီး ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများမှ အားပေးကြည်ရှု့ခဲ့ပါသည်။

ပထမပွဲစဉ်အဖြစ် (တင်းတောင်နန်း)ပြိုင်ပွဲကို ကျင်းပရာပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံမှ ပထမ၊ ဗီယက်နမ်နိုင်ငံမှ ဒုတိယ၊ ကမ္ဘောဒီးယားနိုင်ငံမှ တတိယရရှိခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ ဆုများအား ချီးမြှင့်ပေးခဲ့ပြီး ပြိုင်ပွဲများ ဆက်လက်ကျင်းပလျက်ရှိကြောင်းသတင်းရရှိပါသည်။

အဆိုပါ ၂ဝ၁၈ခုနှစ်၊ (၅)ကြိမ်မြောက်၊ အရှေ့တောင်အာရှ ဗိုဗီနမ်ချန်ပီယံရှစ် (5th South East Asian Vovinam Championship 2018)  ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၈)နိုင်ငံ၊  အားကစားသမား စုစုပေါင်း(၁၅ဝ)ဦးတို့သည် သြဂုတ်လ(၉)ရက်နေ့မှ (၁၁)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)တွင် နေ့စဉ်နံနက်(၉:ဝဝ)နာရီ အချိန်မှစ၍ အမျိုးသား/အမျိုးသမီး အတိုက်ပြိုင်ပွဲ၊ သရုပ်ပြပြိုင်ပွဲ၊ တင်းတောင်နန်းပြိုင်ပွဲ၊ တင်းတောင်ကုန်းပြိုင်ပွဲ၊ ဆောင်းလွေမာတောင်ပြိုင်ပွဲ၊ လောင်းဝေါင်ဝှေ့ပြိုင်ပွဲ၊ တန်ဝှါလုံငီကီးပြိုင်ပွဲ၊ ဆောင်းလွေပတ်ပြိုင်ပွဲ၊ တင်းချူးဒမ်ဒါအိုဘတ်ပြိုင်ပွဲ၊ သိုဗန်ညိုပြိုင်ပွဲ၊ တောင်ကျောင်းပြိုင်ပွဲ၊ ဝူမောင်ဝေပြိုင်ပွဲ၊ ဆောင်းလွေကီးပြိုင်ပွဲ၊ ဓါးမြှောင်၂လက် ဆောင်းဒါအိုဘတ်ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ဗိုဗီနမ် အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။

 


back to top Eng