နေပြည်တော်၊သြဂုတ်လ(၁၈)ရက်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အာရှစားပွဲတင်တင်းနစ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် တို့ပူးပေါင်း၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ (၂၄)ကြိမ်မြောက်အာရှသက်ငယ်တန်း၊ အသက် (၁၈)နှစ်အောက် (JUNIOR) နှင့် အသက်(၁၅)နှစ်အောက် (CADET) စားပွဲတင်တင်းနစ် ပြိုင်ပွဲကို ယနေ့နံနက်(၉:ဝဝ)နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာပြိုင်ပွဲ များအဖြစ် (JUNIOR) အမျိုးသား/အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသားနှင့် အမျိုးသမီး (MIXED) နှစ်ယောက်တွဲပြိုင်ပွဲ၊ (CADET) အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ များကို အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြပါသည်။
အဆိုပါပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အသက်(၁၅) နှစ်အောက် (CADET) အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် တရုတ်အသင်း မှ ပထမဆု၊ ဒုတိယဆုနှင့် ပူးတွဲ တတိယဆုများကို ကိုရီးယားအသင်းနှင့် တရုတ်အသင်းတို့မှ ရရှိခဲ့ပြီး အဆိုပါဆုများအား အာရှစားပွဲတင်တင်းနစ် အဖွဲ့ချုပ်မှ ပြိုင်ပွဲတာဝန်ခံ Mr. Afshin Baidee မှလည်းကောင်း၊ (CADET) အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် တရုတ်အသင်းမှ ပထမဆု၊ ဒုတိယဆုနှင့် ပူးတွဲတတိယဆုများ ကိုရီးယားအသင်းနှင့်တရုတ်အသင်းတို့မှ ရရှိခဲ့ပြီး အဆိုပါဆုများအား PRESIDENT Mr. CHEN ZHI JIE (YINHE CO., LTD) မှလည်းကောင်း၊ အသက်(၁၈)နှစ်အောက် (JUNIOR) အမျိုးသားပြိုင်ပွဲ တွင် ပထမဆု၊ ဒုတိယဆုနှင့် ပူးတွဲတတိယဆုရရှိခဲ့သော တရုတ်အသင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) ဦးဇော်ဝင်း မှ လည်းကောင်း၊ (JUNIOR) အမျိုးသမီး ပြိုင်ပွဲတွင် တရုတ်အသင်းမှ ပထမဆု၊ ဒုတိယဆု နှင့် ပူးတွဲတတိယဆုများကို ဂျပန်အသင်းနှင့် ဟောင်ကောင်အသင်းတို့မှ ရရှိခဲ့ပြီး အဆိုပါဆုများအား မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ကျော်မှ လည်းကောင်း၊ (JUNIOR) အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် တရုတ်အသင်းမှ ပထမဆု၊ ကိုရီးယားအသင်းမှ ဒုတိယဆု၊ အိန္ဒိယအသင်းမှ ပူးတွဲတတိယဆု များကိုရရှိခဲ့ပြီး အဆိုပါဆုများအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း မှလည်းကောင်း၊ (JUNIOR) အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ကိုရီးယားအသင်းမှ ပထမဆု၊ ဂျပန်အသင်းမှ ဒုတိယဆုနှင့် တရုတ်အသင်းမှ ပူးတွဲ တတိယဆုများကို ရရှိခဲ့ပြီး အဆိုပါဆုများအား Asian Table Tennis Union Advisors Mr. Chan မှ လည်းကောင်း၊ (JUNIOR) အမျိုးသား နှင့်အမျိုးသမီး (MIXED)နှစ်ယောက်တွဲပြိုင်ပွဲတွင် တရုတ်အသင်းမှ ပထမဆု၊ ဒုတိယဆုနှင့် ပူးတွဲတတိယဆုများကို အိန္ဒိယအသင်းနှင့် တရုတ်တိုင်ပေအသင်းမှ ရရှိခဲ့ပြီး အဆိုပါဆုများအား ဒုတိယရဲမှူးကြီး ဦးတင်မျိုးအောင်မှလည်းကောင်း ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။