skip to content
 
နေပြည်တော်၊ စက်တင်ဘာလ (၁၄) ရက်။ 
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:ဝဝ)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးရဲအောင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများတက်ရောက်ကြပါသည်။
 
 
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက်နေရာယူပြီးနောက် ဒုတိယဝန်ကြီးမှ အဖွင့် အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းအား ပြည်သူလူထုအတွင်း တစ်နှစ်ထက်တစ်နှစ် ပိုမိုစိမ့်ဝင် တိုးတက်လာစေပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် ထိန်းသိမ်းမြှင့်တင်စေလိုကြောင်း၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်လာစေရန် ပြိုင်ပွဲဝင်အားကစားသမားများသည် ယခုပြိုင်ပွဲမှတဆင့် အားကစားသမားအချင်းချင်း ချစ်ကြည်ပူးပေါင်းမှုရရှိပြီး ခြင်းလုံးအားကစားနည်းကို ယခုထက်ပိုမို ရှင်သန် ဖွံ့ဖြိုးတိုးတက်စေရန်ကြိုးစားကြစေလိုကြောင်း၊ လာမည့် ၂ဝ၁၈ခုနှစ်၊ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် 19th ASEAN University Games ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန်အတွက် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားသမားများက ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားရင်း ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။
 
 
 
ယင်းနောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ် ဒုတိယ ဥက္ကဌနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး  နေပြည်တော်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့၏ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများအား ကြည်ရှု့အားပေးခဲ့ပါသည်။
 
အဆိုပါ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ခြင်းလုံးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၅)ခု မှ ပြိုင်ပွဲဝင် အမျိုးသား(၁၁)သင်း၊ အမျိုးသမီး(၃)သင်းဖြင့် အားကစားသမားစုစုပေါင်း (၁ဝ၃)ဦးသည် (၁၄.၉.၂ဝ၁၈)ရက်နေ့မှ (၁၇.၉.၂ဝ၁၈)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် နေ့စဉ် နံနက်(၉) နာရီမှ စတင်ပြီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်းသိရှိရပါသည်။
 

back to top Eng