skip to content
 
 
နေပြည်တော်၊ အောက်တိုဘာလ(၃၁)ရက်။
 
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် ၂ဝ၁၈ခုနှစ် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ (၁ဝ)ရက်နေ့မှ (၁၉)ရက်နေ့အထိ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ(၁)နာရီ၌ နေပြည်တော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဒုတိယဝန်ကြီးမှ အစည်းအဝေးကို ဦးဆောင်ဆွေးနွေးခဲ့ပါသည်။
 
 
အစီအစဉ်အရ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာ ပြိုင်ပွဲကျင်းပရန် အချိန်ကာလ (၁) လကျော်သာ ကျန်ရှိတော့ပါကြောင်း၊ ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးတွင် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ ပညာရေးဝန်ကြီးဌာနမှ လုပ်ဆောင်ရမည့် လုပ်ငန်းများအား သတ်သတ်မှတ်မှတ် တာဝန်ခွဲဝေသတ်မှတ်ရန် လိုအပ်ပါကြောင်း၊ ယခုအစည်း အဝေးမှ ပြိုင်ပွဲကျင်းပရာတွင် အကောင်အထည်ဖော် လုပ်ဆောင်ရမည့် လုပ်ငန်းကို အသေးစိတ် အပြီညှိနှိုင်းဆောင်ရွက်ပြီး တာဝန်အသီးသီးကို တာဝန်ခံများအားခွဲဝေပြီး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းလိုအပ်ချက်၊ ဆုံးဖြတ်ချက်များမှာ ယခုအစည်းအဝေးတွင် အပြီးသတ် ခွဲဝေမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
 
 
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် တာဝန်ယူပြီး ဆောင်ရွက်လျက်ရှိသော မြန်မာအားကစားသမားများ၏ လေ့ကျင့်ရေးဆိုင်ရာ များအား ရှင်းလင်းတင်ပြရာ ပြိုင်ပွဲလက်ခံကျင်းပမည့် အားကစားနည်းများအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့် ရန်ကုန်မြို့တွင် အားကစားနည်း(၁၁)နည်းနှင့် နေပြည်တော်တွင် အားကစားနည်း(၇)နည်း စခန်းသွင်းလေ့ကျင့်လျက်ရှိပြီး နိုဝင်ဘာလတွင် အားကစားနည်း(၁၇)နည်းလုံး နေပြည်တော်သို့ လာရောက်ပူးပေါင်းလေ့ကျင့်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကို အားကစားနည်း(၁၇)နည်းမှ အားကစားသမား (၄၉၅)ဦး ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားရှိပါကြောင်း၊  ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းဆိုင်ရာအလိုက် ပြိုင်ပွဲများအား အသေးစိတ်ရှင်းလင်းပြောကြား၍ လည်းကောင်း၊ ပြိုင်ပွဲဝင်နိုင်ငံအလိုက် အားကစားသမားများ တည်းခိုနေထိုင်ရေးတွင်  ဟိုတယ်များ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ပြိုင်ပွဲတွင် အထောက်အကူပြု လုပ်အားပေး LO ၊ VO များအား တည်းခိုထားရှိမည့် နေရာများ ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းပြောကြားပါသည်။
 
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဝင်းမှ ပညာရေးဝန်ကြီးဌာန၏ တာဝန်ယူဆောင်ရွက်ထားရှိသော ပြိုင်ပွဲတွင် ဆုတံဆိပ်များ ချီးမြှင့်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ပြိုင်ပွဲအထောက်အကူပြု လုပ်အားပေး LO ၊ VO များ ရွေးချယ်ထားရှိပြီး သင်တန်းပို့ချမည့် အစီအစဉ်များ၊ နိုင်ငံအလိုက်အားကစားသမားများ တည်းခိုရေးတွင် ဟိုတယ်များသတ်မှတ်ပေးရန်ကိစ္စရပ်များ၊ ဖွင့်ပွဲအခမ်းအနားပြုလုပ်ရန် နေရာပြောင်းလဲ သတ်မှတ်မှု ကိစ္စရပ်များ၊ ပြိုင်ပွဲအပြီး မီဒီယာစပွန်ဆာ ရရှိရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြိုင်ပွဲ အထောက်အကူပြု GMS စနစ် ငှားရမ်းသုံးစွဲမှု စီစဉ်ထားရှိမှု အခြေအနေများ၊ ပြိုင်ပွဲဝင်နိုင်ငံများ၏ အင်အားအမည်စာရင်းရရှိထားမှု အခြေအနေများ၊ ပြိုင်ပွဲများတွင် Accreditation Card ပြုလုပ်ခြင်းကိစ္စရပ်များ၊ ပြိုင်ပွဲကျင်းပရေးဦးစီးဌာန ရုံးဖွင့်လှစ်ထားရှိရန် နေရာများကို တင်ပြဆွေးနွေးရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ အကြံပြုဆွေးနွေးကာ ဆုံးဖြတ်ချက်များချခဲ့ ကြပါသည်။
 
ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ ပါမောက္ခချုပ်ဒေါက်တာလှတင့်မှ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ အားကစားအဖွဲ့ခေါင်းဆောင်များ အစည်းအဝေးကို မလေးရှားနိုင်ငံတွင် လက်ခံကျင်းပခဲ့ပြီး ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများ၊ ပြိုင်ပွဲအမျိုးအစားများအဖြစ် (၂ဝ၁)မျိုးအား အတည်ပြုခဲ့ကြောင်းနှင့် နိုင်ငံအလိုက် ပြိုင်ပွဲယှဉ်ပြိုင်မည့် အားကစားသမားအင်အား (၁၄၆၇)ဦးနှင့် အုပ်ချုပ်သူနည်းပြပေါင်း (၂ဝ၃၉)ဦး အတည်ပြုရရှိခဲ့ကြောင်း၊ ၄င်းတို့ တည်းခိုနေထိုင်ရေးကိစ္စရပ်များ၊ ဗီဇာကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ၊ Accreditation Card ပြုလုပ်မည့် အစီအစဉ်များ၊ ဆေးဆိုင်ရာအကာအကွယ်ပေးရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံအာရှတက္ကသိုလ်များအား ကောင်စီအဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ခဲ့ခြင်းကိစ္စများ၊ ပြိုင်ပွဲဝင်နိုင်ငံများမှ အိမ်ရှင်နိုင်ငံသို့ တောင်းဆိုထားသော အချက်အလက်များအား ဆုံးဖြတ်အတည်ပြုပေးနိုင်ရေးဆိုင်ရာများအား ဆွေးနွေးတင်ပြ ကြရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကာ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ ပါသည်။ 
 
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများမှ ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကဏ္ဍအလိုက်အသီးသီးဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြောင်းသိရှိရပါသည်။
 

back to top Eng