skip to content
 
 
နေပြည်တော် ၊ နို၀င်ဘာလ (၁၁) ရက်။ 
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂၀၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ကို ယနေ့ ညနေ (၃)နာရီအချိန်တွင် နေပြည်တော် ၀ဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော်ဥက္ကဌဦးတီခွန်မြတ်၏ဇနီး၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန်၏ဇနီး ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၀င် ပြည်နယ်လူမှုရေး၀န်ကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် တိုင်းဒေသကြီးလူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၀င် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးခွန်ရဲသွေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၀င်ပြည်နယ် သံယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီး ဒေါက်တာ ညီညီအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဘောလုံး၀ါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြပါသည်။
 
  
 
ပြိုင်ပွဲကိုယှဉ်ပြိုင်ကစားကြရာ တတိယလုပွဲစဉ်အဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ဧရာ၀တီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီး အသင်းမှ ဧရာ၀တီဒေသကြီးအသင်းကို (၇)ဂိုး (၂)ဂိုး ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ညနေ(၃)နာရီအချိန်တွင် ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းမှ ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂)ဂိုး (၁)ဂိုး ဖြင့် အနိုင်ရဗိုလ်စွဲသွားပါသည်။
 
 
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားအားကျင်းပပြုလုပ်ရာ အကောင်းဆုံး ဂိုးသမားဆုရရှိသွားသော ကျောနံပါတ်(၁၈) ထွေးထွေးချို(ရှမ်း)အား ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ၏ဇနီး မှ လည်းကောင်း၊ နောက်တန်း အကောင်းဆုံးအားကစားသမားဆုရရှိသွားသော ကျောနံပါတ်(၂) ဇင်ပွင့်ဖြူငြိမ်း(ရန်ကုန်)အား ပြည်သူ့လွှတ်တော်ဥက္ကဌ၏ဇနီး မှလည်းကောင်း၊  အလယ်တန်း အကောင်းဆုံး အားကစားသမားဆုရရှိသွားသော ကျောနံပါတ်(၇) နှင်းပွင့်အေး(မန္တလေး)၊ ရှေ့တန်း အကောင်းဆုံးအားကစားသမားဆု ရရှိသွားသော ကျောနံပါတ်(၁၁) နှင်းသက်ဝေ(ဧရာ၀တီ)နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမား ဆုရရှိသွားသော ကျောနံပါတ်(၈) နန်းဟွမ်လှိုင်း (ရှမ်း) တို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့၀င်ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးခွန်ရဲသွေး မှလည်းကောင်း၊ တတိယဆုရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်းအား ငွေသားဆုနှင့်တစ်ဦးချင်းဆုတံဆိပ်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၀င်ပြည်နယ် သံယံဇာတနှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီး ဒေါက်တာ ညီညီအောင် မှလည်းကောင်း၊ ဒုတိယဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် တိုင်းဒေသကြီးလူမှုရေး၀န်ကြီး ဦးနိုင်ငံလင်းမှလည်းကောင်း၊ ပထမဆုရရှိသွားသော ရှမ်းပြည်နယ်အသင်းအား ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၀င်ပြည်နယ်လူမှုရေး၀န်ကြီး ဒေါက်တာမျိုးထွန်းမှလည်းကောင်း၊     အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသွားသော ရှမ်းပြည်နယ်အသင်းအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်မှလည်းကောင်းဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

back to top Eng