ကွာလာလမ်ပူ၊ သြဂုတ်လ (၁၈)ရက်။
မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂ဝ၁၇ခုနှစ် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို ကွာလာလမ်ပူမြို့ရှိ အားကစားကွင်း၊အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ Kl sport City အားကစားကွင်း ၌ ကျင်းပပြုလုပ်သော မြားပစ်အားကစားနည်းမှ Mixed Team Compound ပြိုင်ပွဲတွင် မြန်မာမှ အောင်ငှိမ်းနှင့် ရဲမင်းဆွေအတွဲမှ ဝင်ရောက်ယှဉ်ပြိုင်ရာ ဆီမီးဖိုင်နယ်အဆင့်တွင် ဖိလစ်ပိုင် အသင်းကို (၁၅၆)မှတ်၊ (၁၅၅)မှတ်ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပါသည်။ ဗိုလ်လုပွဲကို ဒေသစံတော်ချိန် နေ့လည်(၁၁)နာရီတွင် အိမ်ရှင်မလေးရှားအသင်းနှင့် ယှဉ်ပြိုင် ကစားရာ (၁၅၂)မှတ်၊ (၁၄၂) မှတ်ဖြင့် ရှုံးနိမ့်ကာ ငွေတံဆိပ်ဆု ရရှိခဲ့ပါသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကိုဆက်လက်ကျင်းပရာ ပထမဆုရ မလေးရှား အသင်း၊ ဒုတိယဆုရ မြန်မာအသင်း၊ တတိယဆုရ ဗီယက်နမ်အသင်းတို့အား မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် မလေးရှားနိုင်ငံ မြားပစ်ဥက္ကဌတို့မှ ဆုများကို အသီးသီး ချီးမြှင့်ခဲ့ပါသည်။
(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု(၂)ခုဆွတ်ခူး ရရှိခဲ့သော မြန်မာခြင်းလုံးအသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌဦးဇော်ဇော်မှ ဒေါ်လာ၅ဝဝဝ ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ဒေသစံတော်ချိန် ညနေ(၄)နာရီတွင် UITM Shan Alam အားကစားကွင်း၌ ကျင်းပပြုလုပ်သော အမျိုးသားဘောလုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ (၆)ဂိုး၊ ဂိုးမရှိ ဖြင့် အနိုင်ရရှိသွားပါသည်။ ၄င်းအနိုင်ဂိုးများကို တိုက်စစ်မှူး အောင်သူမှ (၂၃)မိနစ်တွင်လည်းကောင်း၊ စည်သူအောင်မှ(၃၉)မိနစ်တွင်လည်းကောင်း၊ အောင်ကောင်းမာန်မှ (၇၅)မိနစ်တွင်လည်းကောင်း၊ အောင်ကောင်းမာန် မှပဲ (၈၃)မိနစ်တွင် လည်းကောင်း၊ ပဉ္စမဂိုးကို မောင်မောင်လွင်မှလည်းကောင်း၊ ဆဌမဂိုးကို သန်းပိုင်မှလည်းကောင်း ဂိုးများကို သွင်းယူနိုင်ခဲ့ကြပါသည်။ အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်နှင့် တာဝန်ရှိသူများ ၊မလေးရှားရောက် မြန်မာဘောလုံးပရိတ်သတ်များလာရောက်ကြည့်ရှုအားပေးခဲ့ကြပါ သည်။
ဆက်လက်၍ NATIONAL Sports Complex Shah Alam ကွင်း၌ ကျင်းပသော အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းနှင့် မလေးရှားအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ မလေးရှားအသင်းမှ မြန်မာ အသင်း ကို (၂)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရရှိသွားပါသည်။
သြဂုတ်လ(၁၉)ရက်နေ့ ပွဲစဉ်များအဖြစ် ဒေသစံတော်ချိန်မနက်(၆) နာရီတွင် ပြေးခုန်ပစ် အားကစားနည်းမှ မာရသွန်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ဇင်မင်းထက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ဒေသစံတော်ချိန် မနက်(၉)နာရီ (၅ဝ)မိနစ် တွင် အမျိုးသားခရစ်ကတ် ပြိုင်ပွဲကို မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း တို့မှ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။ ညနေပိုင်းတွင် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပ မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။