spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်အားကစားသမားများ လေ့ကျင့်နေမှုနှင့် ပြိုင်ပွဲ လက်ခံကျင်းပမည့်အားကစားကွင်း/ရုံ များအား ဒုတိယဝန်ကြီး ကြည့်ရှု

(၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်အားကစားသမားများ လေ့ကျင့်နေမှုနှင့် ပြိုင်ပွဲ လက်ခံကျင်းပမည့်အားကစားကွင်း/ရုံ များအား ဒုတိယဝန်ကြီး ကြည့်ရှု

 
 
နေပြည်တော်၊ ဒီဇင်ဘာ (၃)ရက်။
 
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုရရှိပြီး ဆုတံဆိပ်များရရှိကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးနှင့် ပြိုင်ပွဲအား အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် လေ့ကျင့်ပြင်ဆင်နေမှုအား ယနေ့နံနက်(၈)နာရီမှစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မြန်မာ အားကစားအဖွဲ့များသည် နေပြည်တော်ရှိ အားကစားရုံ/အားကစားကွင်း အသီးသီး၌ လေ့ကျင့်ပြင်ဆင်နေမှုများအား ကြည့်ရှုခဲ့ပါသည်။
 
 
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ပျဉ်းမနား-တောင်ညိုလမ်းရှိ ရိုးရာလှေနှင့် အနောက်တိုင်းလှေလှော်ပြိုင်ပွဲလက်ခံကျင်းပမည့် ငလိုက်ဆည်သို့ ရောက်ရှိကာ ပြိုင်ပွဲလက်ခံကျင်းပရန်အတွက် လိုအပ်သည့် အထောက်အကူပစ္စည်းများ၊ လုံခြုံရေး ကိစ္စရပ်များ၊ ပြိုင်ပွဲဝင် နိုင်ငံများ ပြိုင်ပွဲယှဉ်ပြိုင်စဉ် ခေတ္တနားနေဆောင်များ ၊ ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် တက္ကသိုလ်အားကစားသမားများ၏ နေထိုင်စားသောက်နေရာများ၊ ဆေးပေးခန်း နေရာများ အား လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြိုင်ပွဲဝင်ရန် လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် လှေလှော်အားကစားသမားများ လေ့ကျင့်နေရာအထိ လိုက်လံကြည့်ရှု အားပေးစကား ပြောကြားပါသည်။
 
 
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ပြေးခုန်ပစ်နှင့် ဘောလုံးပြိုင်ပွဲလက်ခံကျင်းပမည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ ရောက်ရှိလာပြီး မြန်မာ့ လက်ရွေးစင်တက္ကသိုလ်အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြိုင်ပွဲ လက်ခံကျင်းပရာတွင် ကျန်းမာရေးအထောက်အကူပြုအဖွဲ့နှင့် တားမြစ်ဆေး စစ်ဆေးရေး အဖွဲ့တို့ကို တွေ့ဆုံကာ လိုအပ်သည်များကို ညှိနှိုင်းလမ်ညွှန်မှာကြားခဲ့ပါသည်။
 
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိ ရေကူးအားကစားရုံသို့ရောက်ရှိ လာပြီး မြန်မာ့လက်ရွေးစင်တက္ကသိုလ် ရေကူးအားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး၍ လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဝူရှူးအားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဘော်လီဘော အားကစား သမားများ လေ့ကျင့်နေမှုကိုလည်းကောင်း ကြည့်ရှုကာ အားကစားသမားနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ အားပေးစကားများပြောကြားခဲ့ပါသည်။
 
 
ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကြက်တောင်အားကစားနည်းနှင့် ကရာတေး အားကစားနည်းများ လက်ခံကျင်းပရန် ပြင်ဆင်ထားရှိမှုအခြေအနေများကို လည်းကောင်း၊ တင်းနစ်အားကစားရုံ၌ တင်းနစ်အားကစားနည်းကျင်းပရန် ပြင်ဆင်ထားရှိမှု အခြေအနေ များကိုလည်းကောင်း၊ ဗိုဗီနမ်အားကစားရုံ၌ ဗိုဗီနမ်အားကစားနည်း လက်ခံကျင်းပရန် ပြင်ဆင်ထားရှိမှုကိုလည်းကောင်း၊ ဗိုဗီနမ်အားကစားသမားများ လေ့ကျင့် နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
 
ဆက်လက်၍ မြားပစ်အားကစားကွင်းသို့ရောက်ရှိလာပြီး ပြိုင်ပွဲဝင်ရန် လေ့ကျင့် လျက်ရှိသော မြားပစ်အားကစားများအား ကြည့်ရှု၍ နည်းပြ/အုပ်ချုပ်သူ၊ အားကစားများနှင့် တွေ့ဆုံကာ လိုအပ်သည်များ လမ်းညွှန်မှာကြား၍ အားပေးစကားပြောကြားခဲ့ပါသည်။
 
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြိုင်ပွဲဝင်ဧည့်သည်နိုင်ငံခြားအားကစား သမားများ တည်းခိုရန် ကြိုတင်ပြင်ဆင်ထားရှိသော နိုင်ငံတော်ဧည့်ဂေဟာ ဟိုတယ်ဇုန်ရှိ ဟိုတယ်များအား လိုက်လံကြည့်ရှုခဲ့ကြောင်းသတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%81%E1%81%89%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%9D%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%8A%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8