ရန်ကုန်၊ အောက်တိုဘာလ(၈)ရက်။
မြန်မာ့ရိုးရာလက်ဝှေ့ပညာရပ်သည် မြန်မာ လူမျိုး တို့၏ ယဉ်ကျေးမှုအမွေအနှစ် အမျိုးသားရေးလက္ခဏာဖြစ်သည့် တိုက်ခိုက်မှုပညာ ဖြစ်သော ကြောင့် ရှေးမြန်မာလူငယ်/လူရွယ်များ၏ မျိုးချစ်စိတ်နှင့်ဇာတိမာန်ကို လှုံ့ဆော်ပေးသည့် သိုင်း၊ လက်ဝှေ့ပညာရပ်များကို ကျေးလက် ‘‘ပွဲကျောင်း’’များက လက်ဆင့်ကမ်းလေ့ကျင့်သင်ကြား ခဲ့ကြပြီး၊ ရှေးခေတ်မြန်မာ့တပ်မတော် ခြေလျင်စစ်သည်များ၏ တိုက်ခိုက်မှုပညာရပ်အဖြစ် နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာတွင်ပါဝင်ခဲ့သည်။ ယခုတွင် နည်းပြသင်တန်းတွင် အစဉ်အဆက် မိမိတို့တက်သိထားသည့်အတိုင်း လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် နည်းပြများ အား သိပ္ပံနည်းကျလေ့ကျင့် သင်ကြားပေးတတ်သော နည်းပြများအဖြစ် အဆင့်မြင့် တင်ပေးခြင်း၊ မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ် မူပိုင်နည်းပြသင်ရိုးညွန်းတမ်း (မြန်မာဘာသာ) ပြုစုထားပြီး နောင်တွင်နိုင်ငံတကာနည်းပြသင်တန်းများတွင် အသုံးပြုနိုင်ရန် အင်္ဂလိပ်ဘာသာသို့ ပြန်လည် ပြုစုသွားရန်၊ မြန်မာ့ရိုးရာလက်ဝှေ့ကို စိတ်ပါဝင်စားသည့် နိုင်ငံတကာမှ မြန်မာ့ ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်/ကလပ်အသင်းများက နည်းပြများတောင်းခံလာသည့်အခါ စေလွတ်နိုင်ရေး အတွက် အဆင့်မီနည်းပြများဖော်ထုတ်သွားနိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီက မှော်ဘီမြို့နယ်ရှိ မြန်မာအမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီလိမိတတ်ရုံးချုပ်၊သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ၂ဝ၁၇-ခုနှစ် မြန်မာရိုးရာလက်ဝှေ့ အဆင့်မြင့်နည်းပြဆရာသင်တန်းဆင်းပွဲ တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး တက်ရောက်၍ သင်တန်းဆင်းအမှာ စကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ်(၁)ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ်(၂)ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးဦးစိုးအောင်၊ ရန်ကုန်ဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်မိုး၊မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ပြန်လည်ဖွဲ့စည်းကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင်ညွန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးအောင်ဒင်နှင့်ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်နာယကဦးစိုးထွန်းရှိန်၊မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဌ ဦးသိန်းအောင်၊ မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဒုတိယဥက္ကဌများနှင့်အမှုဆောင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊သင်တန်းသားများတက်ရောက်ကြသည်။
ရှေးဦးစွာကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားတွင် မြန်မာ့ရိုးရာ လက်ဝှေ့အားကစားနှင့်နိုင်ငံတကာကိုယ်ခံပညာလောကကို ယခုထက်ပိုပြီး ထိုးဖောက် အောင်မြင်အောင် စွမ်းဆောင်နိုင်ကြပါစေလိုကြောင်း၊ ယခုသင်တန်းသည် မြန်မာပြည်ချန်ပီယံ/ ရွေခါးပတ်ချန်ပီယံ/ ဒဂုံရွေအောင်လံဆုရရှိသူများနှင့် လက်ရှိနိုင်ငံကိုယ်စားပြု နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ထိုး သတ်နေသော ရိုးရာလက်ဝှေ့သမားများကို လေ့ကျင့်ပေးနေတဲ့ ကလပ်များမှ နည်းပြဆရာ (၃၁)ဦးတို (၃)ပတ်ကြာစခန်းဝင်ပြီး စာတွေ့လက်တွေ့ တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရပါသည်။ မြန်မာ့ရိုးရာလက်ဝှေ့လောကမှာ အစဉ်အလာရှိခဲ့တဲ့ လက်ဝှေ့ကျော်ကြီးများရဲ့ နည်းစနစ်၊ ထိုးလုံးသတ်လုံးတွေကို ၄င်းတို့ သက်ရှိထင်ရှားရှိစဉ် လက်ဆင့်ကမ်းဖြန့်ဝေပေးသလို အားကစားနှင့်နှီးနွယ်ဘာသာရပ်များ ဖြစ်သည့် အားကစားမူဝါဒ၊ ခေါင်းဆောင်မှု ဘာသာရပ်၊ အဖွဲ့ချုပ်စည်းမျဉ်းစည်းကမ်း၊ တားမြစ်ဆေးဝါးဘာသာရပ်များကလည်းအားကစားလောကအတွက် သိသင့်သိထိုက်သော ဘာသာရပ်များဖြစ်ပါကြောင်း၊ ၄င်းအပြင်အားကစားစိတ်ပညာနဲ့အဟာရ၊ အားကစားသိပ္ပံနှင့် လေ့ကျင့်ရေးသဘောတရားများကို စနစ်တကျသိရှိနားလည်ပြီး အားကစားသမားများကို ပြုစုပျိုးထောင်နိုင်ပါက နိုင်ငံတကာတွင် ယခင်ထက်ပိုမိုရင်ဘောင်တန်း ယှဉ်ပြိုင်လာနိုင်မှာ ဖြစ်ပါကြောင်း၊ သင်တန်းပို့ချမှုအားအဖွဲ့ချုပ်က အစအဆုံး ဗီဒီယိုရိုက်ကူးမှတ်တမ်းတင် ထားကြောင်းသိရှိရသဖြင့် ရေရှည်အတွက် ခိုင်မာတဲ့အထောက်အထားဖြစ်သလို ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ဖြန့်ဝေ၍နည်းပြနှင့်အားကစားအဖွဲ့လိုက် ပြန်လည်ကြည့်ရှု့သုံးသပ်လေ့ကျင့်မည်ဆိုပါကပိုမိုထိရောက်တိုးတက်မည်ဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာလက်ဝှေ့အားကစားနည်းရဲ့ နည်းစနစ်၊ စည်းမျဉ်းစည်းကမ်းများဟာ နိုင်ငံတကာကိုယ်ခံပညာများနဲ့ ကွဲဲပြားသည့်အတွက်စိတ်ဝင်စားပြီး နှစ်ခြိုက်လက်ခံကြတဲ့အတွက် ဥရောပ၊ ဂျပန်၊ သြစတြေးလျား၊ နယူးဇီးလန် နိုင်ငံများအထိ ရောက်ရှိ ပြန့်နှံနေပြီး နိုင်ငံတကာကိုထိုးဖောက်နိုင်သလို ရိုးရာအားကစားနည်းကို စိတ်ဝင်စားသူများ ကျေးလက်များမှ ထွက်ပေါ်လာနိုင်သဖြင့် ကျေးလက်အဆင့်အထိ ထိုးဖောက်နိုင်အောင် မည်သို့မည်ပုံဆောင်ရွက် သင့်သည်ကိုလည်း ဝိုင်းဝန်စဉ်းစား အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း၊ ယခုအချိန်တွင် မြန်မာ့ရိုးရာလက်ဝှေ့ အားကစားနည်းကို နိုင်ငံတကာတွင် ထိုးဖောက်သည့်အနေဖြင့် ဂျပန်နိုင်ငံတွင် Lethwei in Japan Frontier in Tokyo ပြိုင်ပွဲကို ကျင်းပခဲ့တာ ယခုဆိုလျင် (၅)ကြိမ်မြောက်ကျင်းပ ပြီးစီးခဲ့ပြီး ဂျပန်နိုင်ငံတွင် မြန်မာ့ရိုးရာလက်ဝှေ့အားကစားနည်း လူကြိုက်များလာပြီး အောင်မြင် မှုအထိုက်အလျှောက် ရရှိနေပြီဖြစ်ပါကြောင်း၊ နည်းပြဆရာ/ဆရာမများကလည်း ယခုသင်တန်း ကပို့ချသည့်နည်းစနစ်များကို အသုံးပြုပြီး မြန်မာ့ရိုးရာလက်ဝှေ့ကို အောင်မြင်အောင်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ မြန်မာ့ရိုးရာလက်ဝှေ့အားကစားနည်းကို နှစ်ခြိုက်၍ နိုင်ငံ့ဂုဏ်ဆောင် နိုင်ကြသောအားကစားသမားများ၏ ဘဝရှေ့ရေးကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသာမကကျန်ဝန်ကြီးဌာနများပါပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် ဆောင်ရွက် လျက်ရှိပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းတွင် ထူးချွန်ဆုများချီးမြှင့်ရာ၌ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်ကချီးမြှောက်အားပေးသည့်အနေဖြင့် နိုင်ငံတကာတွင်လည်းကောင်း၊ မြန်မာနိုင်ငံ တွင်လည်းကောင်းပထမဆုံးအကြိမ်အဖြစ်သင်တန်းဆင်းလက်မှတ်များတွင် ရွေသားစစ်စစ် ထည့်သွင်း ထားရှိကြောင်း သိရှိရပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး က သင်တန်းတွင် ပထမ၊ဒုတိယ၊ တတိယနှင့်စတုတ္တရရှိသူများ့ကို ရွေငါးမူးသားပါသင်တန်းဆင်း လက်မှတ်များကို ချီးမြှင့်ပြီး နိုင်ငံတကာရိုးရာလက်ဝှေ့အဖွဲ့ချုပ်(ဂျပန်) မှ တာဝန်ရှိသူ နာကာမူရ နှင့် မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ (ဒေ့ဖ်လက်) ခေါ် မောင်ဒေဝ တို့အား ဂုဏ်ပြုမှတ်တမ်းလွာများ ပေးအပ်၍ လည်းကောင်း၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်နာယက ဦးစိုးထွန်းရှိန် က ဂျပန်နိုင်ငံ တွင်ကျင်းပ ပြုလုပ်ခဲ့သည့် Lethwei in Japan 5, Frontier in Tokyo ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်အောင်မြင်ခဲ့သည့် အဖွဲ့ခေါင်းဆောင်ဦးဝဏ္ဏ၊ ၊ အုပ်ချုပ်သူ ဦးလင်းထက်အောင်တို့အား ငါးမူသားရှိရွေဆွဲကြိုးတစ်ကုံးစီ၊ နည်းပြ၊ဒိုင်လူကြီးနှင့် သတင်းမီဒီယာများတို့အား ဂုဏ်ပြုဆုငွေ (၂)သိန်းစီတို့နှင့် ပြိုင်ပွဲတွင်အနိုင် ရရှိသော ဖျံသွေး၊ စောရန်နိုင်မိုး တို့အား (၁)ကျပ်သားတန်ဖိုးရှိ ရွေဆွဲကြိုးတစ်ကုံးစီနှင့် သရေထိုးသတ်ခဲ့သော ဝင်းထွန်း၊ သားအသဲတစ်ပွင့် နှင့်ဟံသာဝတီသား တို့အား ငါးမူသားတန်ဖိုးရှိ ရွေဆွဲကြိုး တစ်ကုံးစီတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး က နည်းပြဆရာကြီးများအား ဂါရဝပြုလက်ဆောင်များပေးအပ်ချီးမြှင့်၍လည်းကောင်း၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ်(၂)ဦးကျော်ဆန်း က သာမာန်အထက်အဆင့်ရ နည်းပြများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်၍ လည်းကောင်း၊အားကစား နှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွန်ကြား ရေးမှူးချုပ်(၁)ဦးထွန်းမြင့်ဦး က သာမာန်အထက်ရ နည်းပြများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်ဒုတိယဥက္ကဋဦးနေဝင်းက သာမာန်အဆင့်ရ နည်းပြများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ပြန်လည် ဖွဲ့စည်းကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင် ညွန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးအောင်ဒင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင် ၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်အမှုဆောင်ဦးသိန်းထွန်းတို့ က သာမာန်အဆင့်ရ နည်းပြများအား သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြကြောင်းသတင်းရရှိသည်။