ရန်ကုန်၊ ဒီဇင်ဘာလ( ၈ )ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံး အမျိုးသားလုံး အမျိုးသားအားကစားစိတ်ဓါတ်အပြည့်အဝဖြင့် ပြည်သူလူထုတစ်ရပ်လုံးလှုပ်ရှား ပါဝင်ဆင်နွှဲစေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ်လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက်(၅)နာရီခွဲက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အနောက်မြင်းပြိုင်ကွင်း လမ်းဂိတ်အမှတ်(၇)မှ စတင်တာထွက်ရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း ၊ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် (အား/ကာ)ခရိုင်/မြို့နယ် အရာရှိများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နာယကများ၊ ဖိတ်ကြားထားသူများ၊ မြို့နယ်ပေါင်းစုံမှ ပြည်သူလူထုများ၊ ကျောင်းသား/ကျောင်းသူများ၊ ရန်ကင်းပညာရေးကောလိပ်မှ ဆရာ/ ဆရာမများ၊ အားကစား နှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများ၊ အထက(၄)တာမွေမှ ဘင်ခရာနှင့် ပန်းပွားအက ကျောင်းသူလေးများ နှင့်အတူ တပျော်တပါး စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ပေးခဲ့ရာ စုပေါင်းလမ်းလျှောက်ပွဲကို အနောက်မြင်းပြိုင်ကွင်း လမ်းဂိတ်အမှတ်(၇)မှ စတင်တာထွက်၍ မြောက်မြင်းပြိုင်ကွင်းလမ်းအတိုင်း ပတ်ကာ အရှေ့မြင်းပြိုင်ကွင်းလမ်းမှ တောင်မြင်းပြိုင်ကွင်းလမ်းဂိတ်အမှတ်(၆)သို့ ပြန်လည်ပန်းဝင်၍ မြို့နယ်အလိုက် လူဦးရေ ၄၂ဝဝဝခန့်ပြည်သူများက စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အစီအစဉ် အတွဲအမှတ်(၁/၂)တို့နှင့် Zumba အကလေ့ကျင့်ခန်းများ ပြုလုပ်ကြပြီး လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲကြသော ကျောင်းသား/ ကျောင်းသူများအား Mega Co.,Ltd မှ အင်္ကျီများ လှူဒါန်းခြင်း၊ Lotte MGS ကုမ္ပဏီမှ အချိုရည်များလှူဒါန်းခြင်းနှင့် ပြည်သူများအား 100 Plus အားဖြည့် အချိုရည်များ၊ တိုက်ကျွေးကူညီခဲ့ကြောင်း သတင်းရရှိသည်။