spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ် ၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ဒုတိယနေ့ဆက်လက် ကျင်းပ၊ ဒုတိယမြောက်ရွှေတံဆိပ်ကို ထပ်မံရရှိ

၂ဝ၁၈ ခုနှစ် ၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ဒုတိယနေ့ဆက်လက် ကျင်းပ၊ ဒုတိယမြောက်ရွှေတံဆိပ်ကို ထပ်မံရရှိ

နေပြည်တော်၊ ဒီဇင်ဘာ (၉)ရက်။    

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂ဝ၁၈ခုနှစ် ၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များအားကစားပြိုင်ပွဲကို ယနေ့နံနက် (၉:ဝဝ) နာရီအချိန်မှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း ၊ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်  ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည့်တော်များနှင့် အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ပါသည်။

ပထမဦးစွာ နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ကျင်းပသော ဝူရှူးအားကစားပြိုင်ပွဲ (ဆန်းဆို၊ ထောက်လု) ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အမျိုးသားထောက်လု Taijiquan (၂)ရက်ပေါင်းပြိုင်ပွဲတွင် ငြိမ်းချမ်းကိုကို (မြန်မာ)မှ ရမှတ် ၉.၆၂နှင့် ခန့်မင်းထက်(မြန်မာ)မှ ရမှတ် ၉.၆၁တို့ဖြင့်  ပထမရက်တွင် ဦးဆောင်နေပါသည်။ အမျိုးသမီးထောက်လုNanquan ပြိုင်ပွဲကို ယှဉ်ပြိုင်ကြရာတွင်  အေးသစ္စာမြင့် (မြန်မာ)မှ ရမှတ် ၉.၆၁ဖြင့် ပထမ၊ TAN CHEONG MIN (မလေးရှား)မှ ရမှတ် ၉.၆ဝဖြင့် ဒုတိယ၊ ဆောင်းနှင်းဖြူ (မြန်မာ)မှ ရမှတ် ၈.၇၉ တတိယဖြင့်အသီးသီး ရရှိခဲ့ပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့မှ ဆုရရှိသော အားကစားသမားများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ခြင်းလုံးအားကစားရုံတွင် ကျင်းပသော ရိုးရာခြင်းလုံးပြိုင်ပွဲ Event (2) ပြိုင်ပွဲ ပွဲစဉ်များကို  အာဆီယံအသင်းများဖြစ်ကြသော မြန်မာ၊ ထိုင်း၊ မလေး၊ လာအို အသင်း  (၄)သင်းဖြင့် ယှဉ်ပြိုင်ကြရာရမှတ် (၁၈၇)မှတ်ဖြင့် လာအိုအသင်းမှ ပထမ၊ ရမှတ်(၁၇၉)မှတ်ဖြင့် မြန်မာအသင်းမှ ဒုတိယ၊ ရမှတ် (၁၅၁)မှတ်ဖြင့် ထိုင်းအသင်းမှ တတိယဖြင့် အသီးသီးရရှိခဲ့ပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် လာအိုမှ အားကစားအဖွဲ့ခေါင်းဆောင် Dr.Spomsy Gnophanxay တို့က ဆုရရှိသော အားကစားသမားများအား ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ နေ့လည်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများမှ ဘော်လီဘောအားကစားရုံတွင် ကျင်းပသော အမျိုးသား/ အမျိုးသမီး ဘောလီဘော ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးကြရာ  အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့ယှဉ်ပြိုင်ကြရာ စင်ကာပူအသင်းမှ မြန်မာအသင်းကို ရမှတ် (၂၅-၁၅) (၂၅-၁၅) (၂၅-၂၃) ဖြင့်လည်းကောင်း၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်းမှ အင်ဒိုနီးရှားအသင်းကို ရမှတ်(၂၅-၁၈) (၂၅-၁၆) (၂၅-၁၉) ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများမှ တင်းနစ်အားကစားရုံတွင် ကျင်းပသော တင်းနစ်အားကစားပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား လိုက်လံ ကြည့်ရှုခဲ့ပါသည်။ အဆိုပါ အရှေ့တောင်အာရှအားကစားတက္ကသိုလ်များ အားကစားပြိုင်ပွဲများအဖြစ် ကြက်တောင်၊ ဘောလုံးပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သတင်းရရှိပါသည်။ ယနေ့ကျင်းပပြုလုပ်သော အမျိုးသမီးထောက်လု Nanquan ပြိုင်ပွဲတွင်  အေးသစ္စာမြင့် (မြန်မာ)မှ ဒုတိယမြောက်ရွှေတံဆိပ်ကို ဆွတ်ခူးပေးထားကြောင်းသိရှိရပါသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%81%8A-%E1%81%81%E1%81%89%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE-%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%94%E1%80%B1%E1%80%B7%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA