spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အာဆီယံအားကစားဝန်ကြီးများ အစည်းအဝေး (AMMS-4) နှင့် အာဆီယံအားကစားဝန်ကြီးများ+ဂျပန်အားကစားဝန်ကြီးအစည်းအဝေး (1st AMMS+Japan) ကျင်းပပြုလုပ်

အာဆီယံအားကစားဝန်ကြီးများ အစည်းအဝေး (AMMS-4) နှင့် အာဆီယံအားကစားဝန်ကြီးများ+ဂျပန်အားကစားဝန်ကြီးအစည်းအဝေး (1st AMMS+Japan) ကျင်းပပြုလုပ်

 
နေပြည်တော်၊ အောက်တိုဘာ(၁၁)ရက်။
 
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော အာဆီယံ အားကစားဝန်ကြီးများအစည်းအဝေး (AMMS-4) နှင့် အာဆီယံအားကစားဝန်ကြီး များ+ဂျပန်အားကစားဝန်ကြီး (1st AMMS+ Japan) အစည်းအဝေးအား ယနေ့နံနက် (၉းဝဝ)နာရီမှ စ၍ နေပြည်တော်ဟိုတယ်ဇုံရှိ  Kempinski Hotel ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်၍ နှုတ်ခွန်းဆက်စကားများ ပြောကြားပါသည်။
 
ရှေးဦးစွာ မနက်ပိုင်းအစီအစဉ်အရ  အာဆီယံအားကစားဝန်ကြီးများ အစည်းအဝေး (AMMS-4) အား ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ အာဆီယံ အားကစားဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ñွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိှုုင်တို့ တက်ရောက်ကြပါသည်။
 
အစီအစဉ်အရ အစည်းအဝေးတက်ရောက်လာကြသူများမှ အာဆီယံ အထိမ်း အမှတ် သီချင်းကို ဂုဏ်ပြုသီဆိုကြပြီး အစည်းအဝေး တက်ရောက်လာကြသော အာဆီယံ အားကစား ဝန်ကြီးများမှ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပါသည်။ ထို့နောက် အစည်းအဝေး တွင် ယခင်ဥက္ကဌဖြစ်သူ မလေးရှားနိုင်ငံ၏ လူငယ်နှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr.Datuk Saravanan Murugan  က မိန့်ခွန်းပြောကြားပြီးနောက် ဥက္ကဌတာဝန်များအား အိမ်ရှင်မြန်မာနိုင်ငံမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးထံ လွှဲပြောင်းပေးအပ်ပါသည်။
 
ထို့နောက် ဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအစည်းအဝေးသို့ တက်ရောက်လာကြသော အာဆီယံနိုင်ငံများမှ အားကစား ဝန်ကြီးများ၊ အားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများကို နွေးထွေးလှိုက်လှဲစွာ ကြိုဆို ပါကြောင်း၊ ယခုအစည်းအဝေးမှတစ်ဆင့် အားကစားနှင့်ပတ်သက်သော အာဆီယံဒေသဆိုင်ရာ ကွန်ယက်ကြီး ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ကောင်းစွာ အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ အစည်းအဝေးကို (၂)နှစ်တစ်ကြိမ်ကျင်းပခြင်းဖြစ်ကြောင်း၊ အစည်းအဝေးတစ်ခုနှင့်တစ်ခု အကြား တွင်လည်း အဆင့်မြင့်အရာရှိကြီးများအနေဖြင့် မကြာခဏတွေ့ဆုံ၍ အာဆီယံဒေသ တစ်ခုလုံး အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးကြစေလိုကြောင်း၊ အာဆီယံဒေသ တစ်ခုလုံး အားကစားတိုးတက်ဖွံ့ဖြိုးလာပြီး ကမ္ဘာ့အားကစားလောကသို့ ထိုးဖောက် ဝင်ရောက်နိုင်ရန် အဖွဲ့ဝင်နိုင်ငံများအကြား အတွေ့အကြုံများ ဖလှယ်ခြင်း၊ မကြာခဏ ချစ်ကြည်ရေး အားကစား ပြိုင်ပွဲများ ကျင်းပခြင်းများ ပြုလုပ်ရန်လိုအပ်ကြောင်း၊ အားကစား ပြိုင်ပွဲများတွင် သန့်ရှင်းစွာ ယှဉ်ပြိုင်အနိုင်ရရှိခြင်းသည်လည်း အရေးကြီးသကဲ့သို့ အားကစားပြုလုပ်ခြင်းဖြင့် ပြည်သူများ၏ ကျန်းမာကြံ့ခိုင်ခြင်းသည်လည်း အလွန်အရေးကြီးကြောင်း၊ ဆယ်စုနှစ်တစ်ခုအတွင်း အားကစား ပြိုင်ပွဲများတွင် မြန်မာနိုင်ငံအနေဖြင့် စွမ်းဆောင်နိုင်ခဲ့မှု အခြေအနေများအရ အခြား အာဆီယံ နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်ရန် ကြိုးစားရဦးမည်ဖြစ်ကြောင်း၊ မြန်မာ့အားကစား တိုးတက် စေရန်အတွက် အာဆီယံနိုင်ငံများ၏ တိုးတက်မှုများကို လေ့လာနိုင်ရန် ကိုယ်စားလှယ်များ စေလွှတ်မည်ကိုလည်း အသိပေးလိုကြောင်း၊ အားကစားဖွံ့ဖြိုးပြီး ကျန်းမာကြံ့ခိုင်သော ပြည်သူများ ဖြစ်လာစေရန် မြန်မာနိုင်ငံအနေဖြင့် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများမှ စတင် ဆောင်ရွက်နိုင်မည့် စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက် လာသော မိတ်ဆွေအာဆီယံအားကစားဝန်ကြီးများမှလည်း မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကြံဉာဏ်များပေးအပ်ပါက ဝမ်းမြောက်စွာ လက်ခံကြိုဆိုမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း အားကစားလောက ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်သော ပြည်သူများဖြစ်လာစေရန် အစွမ်းကုန် ထောက်ပံ့ အားပေးလျက်ရှိကြောင်း၊ ကျန်းမာရေးနှင့်အားကစားသည် ခွဲခြား၍မရနိုင်ကြောင်း၊ ပြည်သူများ ကျန်းမာရေးအတွက် အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော ပြည်သူများတိုးပွား လာမည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်သော အာဆီယံစိတ်ဓါတ်ကို အခြေခံ၍ အားကစားအတွက် ပူးပေါင်းဆောင်ရွက်ရင်း တွေ့ကြုံလာနိုင်သည့် အခက်အခဲအားလုံးကို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အားကစားတွင် အောင်မြင်မှုများရရှိရန်နှင့် ပြည်သူအများ အားကစားကို စိတ်ပါဝင်စားစွာ ပြုလုပ်လာနိုင်ရေးအတွက် အာဆီယံနိုင်ငံများ အပါအဝင် မိတ်ဆွေနိုင်ငံများ၊ အဖွဲ့အစည်းများ အားလုံး နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရှုထောင့်ပေါင်းစုံမှလေ့လာပြီး လက်တွေ့ဆောင်ရွက်နိုင်မည့် မဟာဗျူဟာများ ရေးဆွဲ ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုအစည်းအဝေးမှ အာဆီယံ နိုင်ငံများအားလုံးအတွက် အားကစားကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ပြည်သူ့အားကစားဖွံ့ဖြိုးတိုးတက်သော တိုင်းပြည် (Sports Nation) များ ဖြစ်ပေါ်လာ စေရန် ဆောင်ရွက်နိုင်မည့် အခြေအနေကောင်းများ ထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသူ အာဆီယံအားကစားဝန်ကြီးမှ နိုင်ငံများ အလိုက် အားကစားကဏ္ဍဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးကြကြောင်း၊ ထို့နောက် အာဆီယံ အားကစားအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးမှ ဆွေးနွေးတင်ပြချက် များကို အတည်ပြုပေးနိုင်ရေးကို တက်ရောက်လာကြသော အာဆီယံ အားကစားဝန်ကြီးမှ ဝို်င်းဝန်းဆွေးနွေးအကြံပြုကြပါကြောင်း၊ ဆက်လက်၍ အာဆီယံ+ဂျပန်အားကစားဝန်ကြီးများ     (1st AMMS+Japan) အစည်းအဝေး၌ တင်ပြရန်ရှိသော လုပ်ငန်းစဉ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေး ကြကြောင်း သိရှိရသည်။
 
 
ဆက်လက်၍ နေ့လည်ပိုင်းအစီအစဉ်ဖြစ်သော ပထမအကြိမ် အာဆီယံ+ဂျပန် အားကစား ဝန်ကြီးများ (1st AMMS+Japan) အစည်းအဝေးအား ဆက်လက်ကျင်းပပါသည်။ အဆိုပါ အစည်းအဝေးသို့ အာဆီယံအားကစားဝန်ကြီးများနှင့် ဂျပန်နိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား သိပ္ပံနှင့်နည်းပညာဝန်ကြီး Mr.Toshiei MIZUOCHI တို့ တက်ရောက်ကြပြီး ပူးတွဲဥက္ကဌအဖြစ် မြန်မာနိုင်ငံမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးတို့မှ တာဝန်ယူဆောင်ရွက်ကြပါသည်။
 
အစီအစဉ်အရ အစည်းအဝေးတက်ရောက်လာကြသူ အာဆီယံ+ဂျပန်အားကစားဝန်ကြီး များမှ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးပြီးနောက် အိမ်ရှင်မြန်မာနိုင်ငံမှ ပူးတွဲဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးမှ တက်ရောက်လာကြသော အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံမှ အားကစားဝန်ကြီးများအား အမှတ်တရလက်ဆောင်များ ပေးအပ်ပါသည်။
 
ထို့နောက် ပူးတွဲဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးမှ အဖွင့်မိန့်ခွန်း ပြောကြား ရာတွင် ယနေ့ကျင်းပပြုလုပ်သော အာဆီယံအားကစားဝန်ကြီးများ အစည်းအဝေးသည် အာဆီယံ သမိုင်း တွင်  ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်၍ အာဆီယံအဖွဲ့ကြီး၏ နှစ်(၅ဝ) ပြည့် အခါ သမယနှင့် တိုက်ဆိုင်နေပါကြောင်း၊ 
 
ဂျပန်နိုင်ငံသည် အာရှတိုက်တွင်သာမက ကမ္ဘာနှင့်ရင်ဘောင်တန်း၍ အားကစား ဖွံ့ဖြိုး တိုးတက်လျက်ရှိသော နိုင်ငံဖြစ်ပြီး (၂ဝ၂ဝ) တိုကျိုနွေရာသီ အိုလံပစ်ပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်လျက်ရှိကြောင်း၊ တိုးတက်ပြောင်းလဲလျက်ရှိသော ခေတ်မီနည်းပညာရပ်များ၊ အားကစားနည်းစနစ်များနှင့် ပတ်သက်၍ အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊  အားကစားဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ရာတွင် သုတေသနပြုလုပ်ခြင်းသည် တိုးတက် အောင်မြင်မှုများ ရရှိစေရန် အလွန်အရေးပါကြောင်း၊ အားကစားတိုးတက်မှုသည် အချိန်တိုအတွင်း ရရှိနိုင်သော အရာမဟုတ်သောကြောင့် မြန်မာနိုင်ငံအနေဖြင့် အခြေခံပညာကျောင်းများမှ စတင်၍ သင်ရိုး ညွှန်းတမ်းများတွင် အားကစားကိုထည့်သွင်းရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ ဝေးလံခက်ခဲသော ဒေသမှပြည်သူများ အားကစားကိုစိတ်ဝင်စားမှု မြင့်မား လာစေရန် အားကစားမှူးများ၊ မြို့နယ်အားကစားနည်းပြများ၏ လုပ်ငန်းဆောင်ရွက်မှုများကို သုံးသပ်၍ ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြ§င့်တင်လျက်ရှိကြောင်း၊ ဆက်လက်၍ ဂျပန်နိုင်ငံအားကစားဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ယခုလို ဂျပန်နိုင်ငံအနေနှင့် အာဆီယံနိုင်ငံများ အားကစားကဏ္ဍမှ  ပူးပေါင်းပါဝင်ခွင့်ရရှိသည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း အာဆီယံဒေသတွင်း နိုင်ငံများ အားကစားကဏ္ဍကို တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်ကူညီဆောင်ရွက်မည်ဖြစ်ပြီး အာဆီယံနိုင်ငံများ၏ အားကစားလုပ်ငန်းစဉ်များအား တတ်နိုင်သရွေ့ လေ့လာသုံးသပ်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ (၂ဝ၂ဝ)ခုနှစ်တွင် ဂျပန် နိုင်ငံတွင် (၁၈)ကြိမ်မြောက် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး အာဆီယံ နိုင်ငံများ၏ ကူညီပူးပေါင်းဆောင်ရွက်မှုအင်အားကို ရယူနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားပါသည်။
 
ဆက်လက်၍ အစည်းအဝေးကို တက်ရောက်လာကြသော အာဆီယံဝန်ကြီးများ နိုင်ငံ့အားကစားကဏ္ဍကို ဂျပန်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်အရ အာဆီယံ နိုင်ငံများ၏ (၂ဝ၁၆-၂ဝ၂ဝ)အားကစားလုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ဂျပန်နိုင်ငံမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များ၊ အာဆီယံ+ဂျပန် အားကစားကဏ္ဍပူပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်၍ လက်တွေ့ကျကျ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
 
 
ထို့နောက် အစည်းအဝေးအပြီး အဆိုပါ Kempinski Hotel ၌ပင် ခင်းကျင်းပြသ ထားသော ဂျပန်နိုင်ငံ၏ အားကစားကဏ္ဍလှုပ်ရှားမှုများ ပြခန်းကို အခမ်းအနားတက်ရောက် လာကြသော အာဆီယံဝန်ကြီးများ လိုက်လံကြည့်ရှုရာ ဂျပန်နိုင်ငံမှ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြပါသည်။
 
ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးမှ ဂျပန်အားကစားဝန်ကြီးနှင့် ထိုင်းနိုင်ငံအားကစားဝန်ကြီး အာဆီယံအထွေထွေအတွင်းရေးမှူးတို့မှ အစည်းအဝေးသို့ တက် ရောက်လာကြသော သတင်းမီဒီယာများကို သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ သိလိုသည့် အကြောင်းအရာ များကို ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%A1%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%A1%E1%80%9D%E1%80%B1%E1%80%B8-amms-4-%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7