နေပြည်တော်၊ ဒီဇင်ဘာ (၁၅)ရက်။
''တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားလောက အဆင့်အတန်းမြင့်မားစေရန်ရည်ရွယ်၍ ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှုများ''အဖြစ် ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်းလူထုစုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝှမ်းလုံးရှိ အမြို့မြို့အနယ်နယ်များတွင်ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ၀န်ထမ်းများ လုပ်သားပြည်သူများ၏ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်(၅:၃၀)နာရီအချိန် နေပြည်တော် မြို့မဈေးရှေ့တွင် ကျင်းပပြုလုပ်ရာနေပြည်တော် ကောင်စီ၀င် ဦးတင်ထွန်း၊ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်း၀င်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ၀န်ကြီးဌာနပေါင်းစုံမှ ၀န်ထမ်းများနှင့် နေပြည်တော်ရှိ လုပ်သားပြည်သူများ စုစုပေါင်းအင်အား (၁၁၁၅၀) ဦးခန့် တစ်ပျော်တစ်ပါး စည်ကားသိုက်မြိုက်စွာ ပါ၀င်ဆင်နွှဲကြပါသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါ၀င်ဆင်နွှဲကြသူများသည် နေပြည်တော် မြို့မဈေးရှေ့၌ နံနက်(၅:၃၀)နာရီအချိန်တွင်စတင်တာလွှတ်ပြီး ပျဉ်းမနား-တောင်ညိုလမ်းအတိုင်း သပြေကုန်းအ၀ိုင်းမှ တဆင့် မဏိရတနာကျောက်စိမ်းခန်းမရှေ့အထိ ပျော်ပျော်ပါးပါးလမ်းလျှောက်ကာပန်း၀င်ကြပါသည်။ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါ၀င်ဆင်နွှဲကြသူများအား အားကစားနှင့်ကာပညာဦးစီးဌာနမှ တာ၀န်ရှိသူများက ရေသန့်ဘူးနှင့် အာဟာရမုန့်များကို ပေးဝေကြပါသည်။
ထို့နောက် လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါ၀င်ဆင်နွှဲကြသူများသည် မဏိရတနာကျောက်စိမ်းခန်းမရှေ့၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)၊(၂)နှင့် Free Hand Exercise လေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။